ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ မီးရထားလမ်းကြောင်းဖြင့် စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုများအား မြှင့်တင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

  • Wed, 6 December 2023

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ မီးရထားလမ်းကြောင်းဖြင့် စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုများအား မြှင့်တင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ


ထိုင်းနိုင်ငံသည် ဒီဇင်ဘာလမှစတင်၍ ထိုင်း-လာအို မီးရထားလမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်များ စတင်တင်ပို့ရန် ပြင်ဆင်လျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးရုံး၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Keniga Ounchit က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံမှ လာအို၊ တရုတ်နှင့် ဥရောပနိုင်ငံများသို့ ကုန်သွယ်ရေးလမ်းကြောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် အကောက်ခွန်မီးရထားသယ်ယူပို့ဆောင်ရေးဆိုင်ရာ အချက်အလက်များကို အပြီးသတ်ဆောင်ရွက်ရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအသီးသီးရှိ အေဂျင်စီများမှ ပူးပေါင်းကြိုးပမ်း အားထုတ်လျက်ရှိပါသည်။

အဆိုပါလုပ်ငန်းစဉ်ဆောင်ရွက်ရာတွင် အဓိကပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများမှာ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးကြီးဌာန၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ တောင်သူများအတွက် ဈေးကွက်ရှာဖွေရေးအဖွဲ့အစည်းများနှင့် PTT တို့ ဖြစ်ပါသည်။

၎င်းသည် ထိုင်းနိုင်ငံစိုက်ပျိုးရေးထွက်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ပိုမိုကျယ်ပြန့်စွာ ထိုးဖောက်နိုင်ရန် နယ်စပ်ကုန်သွယ်ရေးအတွက် ပိုမိုခိုင်မာသော ထောက်ပံ့ပို့ဆောင်ရေးကွန်ယက်ကို တည်ဆောက်နိုင်မည်ဟု Keniga က ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးကဏ္ဍရှိ အဓိကအေဂျင်စီအသီးသီးမှ မီးရထားလမ်းကြောင်းမှတဆင့် ဦးတည် ထားသောနိုင်ငံများတွင် ထိုင်းနိုင်ငံစိုက်ပျိုးရေးထွက်ကုန်များအတွက် ဈေကွက်ချဲ့ထွင်ရန် ကြိုးပမ်း အားထုတ်ခဲ့ကြသည်မှာ ကောင်းမွန်ကြောင်း Keniga က ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အကြီးဆုံးဈေးကွက်အနေဖြင့် ရပ်တည်လျက်ရှိပြီး လူကြိုက် များပြီး ဝယ်လိုအားကောင်းသော စိုက်ပျိုးရေးထွက်ကုန်များထဲမှ ဒူးရင်း၊ ငှက်ပျော၊ သရက်နှင့် ကျွဲကော ကဲ့သို့သော စိုက်ပျိုးရေးပို့ကုန်များကို တစ်နှစ်လျှင် အနည်းဆုံး တန်ချိန် (၂၀,၀၀၀)အထိ တင်သွင်းလျက်ရှိပါသည်။

တရုတ်နိုင်ငံ၏ ထိုင်းနိုင်ငံစိုက်ပျိုးရေးထွက်ကုန်များ ဝယ်လိုအား မြင့်တက်နေချိန်တွင် သယ်ယူပို့ဆောင်ရေး အခက်အခဲများသည် တိုးပွားလာသော ဝယ်လိုအား လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အဟန့်အတားများ ဖြစ်စေခဲ့ပါသည်။

ထိုင်းနိုင်ငံအစိုးရ၏ ရည်မှန်းချက်မှာ ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်ဈေးကွက်ကို ချဲ့ထွင်ပြီး တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်မြင့်မားလာစေရန် ဖြစ်သည့်အပြင် ၎င်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ဖြစ်စေပါသည်။

စီးပွားရေး နှောင့်နှေးလျက်ရှိသော်လည်း တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ထိုင်းနိုင်ငံအတွက် အဓိကပို့ကုန်ဈေးကွက်တစ်ခုလည်း ဖြစ်ပါသည်။ ယခုနှစ်၏ ပထမ (၆)လပတ်အတွင်း တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်တင်ပို့မှုသည် (၄.၅%)ခန့် မြင့်တက်လာခဲ့ကြောင်း ကုန်သွယ်ရေး မူဝါဒနှင့် မဟာဗျူဟာ ရုံးမှ အစီရင်ခံတင်ပြခဲ့ပါသည်။

နိုဝင်ဘာလအစောပိုင်းတွင် ရှန်ဟိုင်း၌ ပြုလုပ်ခဲ့သည့် (၆)ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲတွင် အမေရိကန်ဒေါ်လာ (၇၈.၄၁)ဘီလီယံအတွက် ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။ အဆိုပါကုန်စည်ပြပွဲသည် အောက်တိုဘာ လလယ်တွင် ပေကျင်း၌ ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာရပ်ဝန်း နှင့် ပိုးလမ်းမဖိုရမ်၏ အောင်မြင်မှုတစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါကြောင်း (၂၆.၁၁.၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.nationthailand.com ၏ သတင်း အချက်အလက်များအရ သိရှိရပါသည်။


Source https://www.nationthailand.com/thailand/economy/40033241


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ