ဥရောပသမဂ္ဂ(EU) ၌ ဆောင်းရာသီတွင် ဂျုံသီးနှံ စတင်စိုက်ပျိုးမှု လျော့နည်းလာ

  • Fri, 22 December 2023

ဥရောပသမဂ္ဂ(EU) ၌ ဆောင်းရာသီတွင် ဂျုံသီးနှံ စတင်စိုက်ပျိုးမှု လျော့နည်းလာ


ဥရောပသမဂ္ဂ၏ ဆောင်းရာသီတွင် ဂျုံသီးနှံစိုက်ပျိုးမှုသည် မှတ်ထားသည့်စံနှုန်းထက် လျော့နည်းနေကြောင်း လေ့လာသုံးသပ်သူများထံမှ သိရသည်။ သီးနှံအများဆုံး စိုက်ပျိုးထုတ်လုပ် သည့် ပြင်သစ်နိုင်ငံတွင် အစိုဓာတ်လွန်ကဲခြင်းကြောင့် စိုက်ပျိုးမှုများ နှောင့်နှေးခဲ့ရသည်။ ပြင်သစ် စိုက်ပျိုးရေးဝန်ကြီးဌာနသည် နိုင်ငံအတွင်း မျိုးစေ့စိုက်ပျိုးသည့် ဧရိယာ(၅%)ကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း အီတလီစိုက်ပျိုးရေးဆိုင်ရာ အစားအစာစုဆောင်းရေးကုမ္ပဏီ တစ်ခုဖြစ်သည့် Arete မှ လေ့လာသူ Annachiara Saguatti က ပြောကြားခဲ့သည်။

နှောင့်နှေးကြန့်ကြာမှုများကြောင့် စံပြစိုက်ပျိုးမှုပုံစံကို အချိန်အတော်ကြာ အသုံးချမှု မပြုနိုင်ခဲ့သောကြောင့် စိုက်ပျိုးမှုများသည် နွေဦးနှင့်နွေသီးနှံများဆီ ပြောင်းသွားနိုင်သည်ဟု အကြံ ပြုထားသည်ကို အီးမေးလ်မှတဆင့် ပြောကြားခဲ့သည်။ ဥရောပ၏ စိုစွတ်သော ဆောင်းဦးရာသီ၏ အကျိုးသက်ရောက်မှုကို ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်၊ ဂျာမနီနိုင်ငံမြောက်ပိုင်း၊  ဒိန်းမတ်၊ ပိုလန်နိုင်ငံအနောက်ပိုင်း နှင့် ဆလိုဗေးနီးယားနိုင်ငံတို့တွင်လည်း ခံစားရသည်။ ဥရောပသမဂ္ဂတွင် ဆောင်းရာသီ ဂျုံစိုက်ပျိုးမှုသည် ယခင်နှစ်ကဲ့သို့ တန်းတူဖြစ်နိုင်ဖွယ်ရှိပြီး မိုးအလွန်အကျွံ မရွာသွန်းပါက (၅)နှစ်ပျမ်းမျှနှုန်းနှင့်အညီ ဖြစ်နိုင်သည်။ ဥရောပတွင် မကြာခဏဖြစ်ပွားလေ့ရှိသည့် နွေရာသီကဲ့သို့ ရာသီဥတုဖြစ်စဉ်မျိုးတွင် အခြားသီးနှံများထက် မိုးခေါင်မှုဒဏ်ခံနိုင်သော ဂျုံသီးနှံ စိုက်ပျိုးခြင်းသည် စိုက်ပျိုးသူများအတွက် ဘေးကင်းသော ရွေးချယ်မှုတစ်ခုဖြစ်သည်။

ဥရောပ၏ ဂျုံအဓိကထွက်ရှိရာ ဒေသများတွင် တောင်ဘက်စွန်းပိုင်းမှလွဲ၍ ဒီဇင်ဘာ (၆)ရက်နေ့အထိ ပြီးခဲ့သည့်ရက် (၃၀)ကာလအတွက် ပုံမှန်မိုးရေချိန်(၂၀၀-၄၀၀)%အထိ ရရှိ ခဲ့ကြောင်း DTN၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အောက်တိုဘာလနှောင်းပိုင်းနှင့်  နိုဝင်ဘာလ အစောပိုင်းတွင် ဥရောပတိုက်အတွင်း တိုက်ခတ်ဖျက်ဆီးခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း Cieran ကြောင့် မိုးအလွန်အကျွံ ရွာသွန်းခဲ့ခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံ၏ အချို့သောဒေသများတွင် ထိုကာလ အတွင်း စံချိန်တင်မိုးရွာသွန်းမှုရှိခဲ့ပြီး Cieran ပျက်ပြယ်သွားပြီးနောက်တွင်လည်း မိုး ဆက်လက် ရွာသွန်းခဲ့သည်။ ပြင်သစ်နိုင်ငံ၏ သီးနှံအဆင့်သတ်မှတ်မှုသည် သီးနှံစိုက်ပျိုးမှု ညံ့ဖျင်းခြင်းနှင့် နေ ရောင်ခြည်ရရှိမှု နည်းပါးခြင်းတို့ကြောင့် ကျဆင်းနေသည်ဟု ပြင်သစ်နိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ အကြီးဆုံး အသုံးချသုတေသနအဖွဲ့ Arvalis က ခန့်မှန်းထားခဲ့သည်။

"လယ်ကွင်းများမှာ ရေစီးဆင်းခြင်းမရှိသောကြောင့်  အပင်ပေါက်နှုန်းလျော့ကျကာ  ပျိုးပင်များကြီးထွားဖွံ့ဖြိုးမှုနည်းပါးပြီး အထွက်နှုန်းကို ထိခိုက်စေနိုင်ပါသည်" ဟု Saguatti မှ ပြောကြား ခဲ့သည်။ သို့သော်လည်း စိုက်ပျိုးရာသီတွင် အထွက်နှုန်းနှင့် ပတ်သက်၍ ခိုင်မာသည့် ကောက်ချက် ဆွဲရန် စောလွန်းနေသေးကြောင်း၊ သီးနှံပင်များ၏ မျိုးစေ့ငုပ်လျှိုးမှု မရှိတော့သည့် နွေဦးရာသီတွင် တွေ့မြင်ရမည့်ပုံသည် ပိုမိုရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဥရောပကော်မရှင်နှင့် အမေရိကန်စိုက်ပျိုးရေးဦးစီးဌာနတို့သည် (၂၀၂၃-၂၄)လှုံ့ဆော်မှုမှ ဂျုံမည်မျှဝယ်ယူမည်နှင့်ပတ်သက်၍ သဘောထားကွဲလွဲနေကြသည်။ ယခုနှစ်တွင် EU ၏ ဂျုံမှုန့် တင်ပို့မှုသည် (၅%)ကျဆင်းမည်ဟု ကော်မရှင်က ခန့်မှန်းထားပြီး စုစုပေါင်းဂျုံတင်ပို့မှု (ဂျုံမှုန့် နှင့် ပါစတာ ပြုလုပ်ရာတွင် သုံးစွဲသည့်ဂျုံ) (၇%) တိုးလာမည်ဟု USDA က ယုံကြည်နေသည်။ ယခု အချိန်အထိ EU ၏ ဂျုံမှုန့်တင်ပို့မှုသည် ယမန်နှစ်ကထက် (၁၄%) လျော့ကျနေသည်။ 

“EU အနေဖြင့် ပို့ကုန်အရှိန်မြှင့်တင်ရေးကို လုပ်ဆောင်ရပါမည်။ ထိုကဲ့သို့ မလုပ်နိုင်ခဲ့ပါက အလွန် မြင့်မားသည့် အဆုံးသတ်စတော့စျေးများဖြင့် ဈေးကွက်ရှာဖွေရေးနှစ်ကို ပိတ်သွားနိုင်သည်” ဟု Saguatti မှ ပြောကြားခဲ့သည်။

(၂၀၂၃-၂၄) လှုံ့ဆော်မှု၏ ဒုတိယနှစ်ဝက်တွင် EU နှင့် ရုရှားကြား ပို့ကုန်စျေးကွက်များတွင် ပြိုင်ဆိုင်မှုပြင်းထန်လာမည်ဟု ထင်ပါကြောင်း၊ (၂၀၂၃-၂၄)ခုနှစ်တွင် ကော်မရှင်သည် EU တွင် ဂျုံ လက်ကျန် (၅.၅%)ကျဆင်းမည်ဟု ခန့်မှန်းထားသော်လည်း ပြီးခဲ့သည့် (၄)နှစ်အတွင်း ပျမ်းမျှထက် (၃၈%)သာရှိသေးကြောင်း၊ ယခုနှစ် ဥရောပသီးနှံတော်တော်များများသည် အရည်အသွေး နိမ့်ကျ သည့်အတွက် အခြေအနေက ပိုမိုရှုပ်ထွေးပါကြောင်း၊ စတော့ရှယ်ယာဈေးများ အလွန်မြင့်မားနေ သော်လည်း အရည်အသွေးမှာ နိမ့်ကျနေပါကြောင်း၊ လာမည့်နှစ်၏ အထွက်နှုန်းသည် (၅)နှစ်ပျမ်းမျှနှင့် လိုက်လျောညီထွေဖြစ်နိုင်သည်ဟု သူမထင်သော်လည်း ရာသီဥတုသည် ယခင်နွေဦးရာသီထက် ပိုမိုသာယာပါက အရည်အသွေးကို သိသိသာသာ မြှင့်တင်နိုင်မည်ဖြစ်ကြောင်းကို (၁၄. ၁၂. ၂၀၂၃) ရက်နေ့က ဖတ်ရှုခဲ့ရသည့် www.producer.com သတင်းဆောင်းပါးအရ သိရှိခဲ့ရသည်။

Source https://www.producer.com/news/european-wheat-crop-already-on-the-ropes/


တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

စစ်ဆေးသူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ