ဗီယက်နမ်စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရာတွင် မြင့်မားသော စံချိန်စံညွှန်းများနှင့် ရင်ဆိုင်နေရ

  • Fri, 5 January 2024

ဗီယက်နမ်စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရာတွင် မြင့်မားသော စံချိန်စံညွှန်းများနှင့် ရင်ဆိုင်နေရ


မကြာသေးမီက ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းနှင့် ငရုတ်ကောင်း သင်္ဘောနှစ်စီးတင်ပို့မှုအပေါ် တားမြစ်ခံရပြီးနောက်ပိုင်းတွင် ဂျပန်အာဏာပိုင်များမှ ဗီယက်နမ်စိုက်ပျိုးရေးထွက်ကုန် တင်ပို့သူ များ၏ အားနည်းချက်များကို အလေးထားလာခဲ့ကြပါသည်။

အထူးသဖြင့် သွင်းကုန်ဈေးကွက်တွင် စိုက်ပျိုး‌‌ရေးထွတ်ကုန်များအတွက် သန့်ရှင်း လတ်ဆတ်မှု့ အလေ့အကျင့်များကဲ့သို့သော ၎င်းတို့၏ စံချိန်စံညွှန်းများကို တင်းကျပ်လာခြင်းနှှင့် အခက်အခဲများကို ထုတ်ပြန်ပြီးနောက်တွင် ဝယ်လက်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းများကို ထိန်းသိမ်းသည့် ကဏ္ဍဘက်မှ ကြိုတင်ဆောင်ရွက်မှုများနှင့် ပြည့်စုံကောင်းမွန်သော ချဉ်းကပ်မှုများလိုအပ်လာ ပါသည်။

ဂျပန်နိုင်ငံ၏ စံချိန်စံညွှန်းများနှင့်အညီ စိုက်ပျိုးရေးပို့ကုန်စီးပွားရေးလုပ်ငန်းများ ဂျပန် ဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် ထုတ်ကုန်အရည်အသွေး သေချာစေမှုနှင့် စည်းမျည်း စည်းကမ်း ချိုးဖောက်ခြင်း ရှောင်ရှားမှုများကို အလေးထားဆောင်ရွက်သင့်ပါကြောင်း ဂျပန် နိုင်ငံရှိ ဗီယက်နမ်သံရုံး၏ ကုန်သွယ်ရေးအတိုင်ပင်ခံဖြစ်သူ Ta Duc Minh က ပြောကြားခဲ့ပါ သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဓာတုအကြွင်းအကျန် အလွန်အကျွံပါဝင်မှုကြောင့် ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းနှင့် ငရုတ်ကောင်း တင်ပို့မှုအပေါ် တားမြစ်ခံရသည့် ဖြစ်ရပ်ကြောင့် ကုန်သွယ်မှုမြန်ဆန်ချောမွေ့စေရေးလုပ်ငန်း (fast-and-easy) အပေါ် စိုးရိမ်ပူပန်မှုများကို အလေး ထား လာကြပါသည်။

သွင်းကုန် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Japan Apple LLC ကုမ္ပဏီသည် ဒူးရင်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၀,၀၀၀ နီးပါး သိသိသာသာဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပါသည်။ စက်တင်ဘာလ အတွင်းတွင်လည်း Japan Apple LLC ကုမ္ပဏီမှ မရင့်မှည့်သော  ဗီယက်နမ် ဒူရင်းသီးများကို တင်သွင်းခဲ့မိသည့် ဖြစ်ရပ်တစ်ခု ရှိခဲ့ပါသည်။

ဗီယက်နမ်တင်ပို့သူများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို တုံ့ပြန်သည့်အနေဖြင့် တိုးတက် ပြောင်းလဲနေသော ဈေးကွက်နှင့်အညီ လိုက်လျောညီထွေဖြစ်ရန် လိုအပ်ကြောင်း စက်မှုလုပ်ငန်း ကျွမ်းကျင်သူများမှ ပြောကြားခဲ့ပါသည်။ ယခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့မှ နို ဝင်ဘာလ ၂၁ ရက်နေ့အတွင်း တရုတ်နှင့် ဥရောပသမဂ္ဂတို့မှ အပင်ပိုးမွှားရောဂါကင်ရှင်းရေး အစီအမံများနှင့် စပ်လျဉ်း၍ အကြောင်းကြားစာ ၁၁ စောင်ပေးပို့ခဲ့ကြောင်း ဗီယက်နမ် အပင်ပိုးမွှားရောဂါကင်းရှင်းရေး အာဏာပိုင်အဖွဲ့မှ ပြောကြားခဲ့ပါသည်။

အထူးသဖြင့် စိုက်ပျိုးရေးထွက်ကုန်များတွင် အပင်ပိုးမွှားရောဂါကာကွယ်သည့် ဓာတု ပစ္စည်းများကို ခွင့်ပြုထားသည့် ပမာဏထက် ကျော်လွန်ခြင်းနှင့်စပ်လျဉ်း၍ ၂၀၂၃ ခုနှစ်၊ ပထမ ၆ လအတွင်း သတိပေးစာ ၃၁ စောင်ကို ဥရောပသမဂ္ဂမှ ထုတ်ပြန်ခဲ့ပါသည်။

ထုတ်လုပ်ဖြန့်ဖြူးသည့် ကွင်းဆက် (Supply chain)  အဖွဲ့အစည်းများ၏ အဓိကကျသော အခန်း ကဏ္ဍကို အသိအမှတ်ပြုသည့်အနေဖြင့် ပြည်တွင်းစိုက်ပျိုးရေးဆိုင်ရာ ပြုပြင်ထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် ရေရှည်အနေဖြင့် သတ်မှတ်ထားသည့် ကတိကဝတ်များနှင့်အညီ လုပ်ဆောင်ခြင်း မရှိပါက ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရာတွင် အော်ဒါများ ဆုံးရှုံးနိုင်ကြောင်း ဗီယက်နမ် အာဏာပိုင် များမှ သတိပေးခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အများဆုံး တင်ပို့သည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သော်လည်း ဥရောပသမဂ္ဂ၏ စံချိန်စံညွှန်းများကို လိုက်နာခြင်း မရှိသည့်အတွက် ဥရောပသမဂ္ဂတွင် ဗီယက်နမ်နိုင်ငံ၏ လက်ရှိဈေးကွက်ဝင်ရောက်မှုမှာ (၀.၁၈%) ရှိပါသည်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥရောပသမဂ္ဂနှင့် အမေရိကန်၏ စံချိန်စံညွှန်း များအပေါ် အခြေခံ၍ ပိုးသတ်ဆေးဓာတ်ကြွင်းများအပေါ် စီမံကိန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့ပါသည်။

၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်ငရုတ်ကောင်းလုပ်ငန်းအတွက် စံချိန်စံညွှန်းလိုအပ်ချက်များနှင့် ကိုက်ညီသော ငရုတ်ကောင်းတင်ပို့သူ (၇၀%)ခန့် ရှိရန် ရည်မှန်းထားပါကြောင်း (၂၀-၁၂-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော www.thestar.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။


Source https://www.thestar.com.my/business/business-news/2023/12/20/agriculture-struggles-with-higher-standards


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ