ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချက်များကြောင့် အိန္ဒိယနိုင်ငံ လယ်ယာထွက်ကုန်တင်ပို့မှု လျော့ကျ

  • Fri, 5 January 2024

ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချက်များကြောင့် အိန္ဒိယနိုင်ငံ လယ်ယာထွက်ကုန်တင်ပို့မှု လျော့ကျ



ဒေသဝမ်းစာဖူလုံမှု မြင့်မားစေရေးအတွက် ဆန်တင်ပို့မှုအပေါ် သတ်မှတ်ပြဌာန်းထားသည့် ကန့်သတ်ချက်အများအပြားသည် လက်ရှိဘဏ္ဍာရေးနှစ်၏ ပထမ(၇)လအတွင်း အိန္ဒိယနိုင်ငံ လယ်ယာ ထွက်ကုန်တင်ပို့မှုကဏ္ဍကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပါသည်။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အနည်းငယ်အတွင်း အဆိုပါ အခြေအနေများအပေါ် ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သည့် လယ်ယာထွက်ကုန်များ နှင့် တန်ဘိုးမြှင့်ပြုပြင်ဖန်တီးထားသည့် စားသောက် ကုန်များ တင်ပို့မှုသည် ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ အောက်တိုဘာလအတွင်း အမေရိကန် ဒေါ်လာ (၁၃.၉၈)ဘီလီယံသို့ (၉.၃%)ကျဆင်းခဲ့ပါသည်။

ဆန်ဖြူနှင့် ဆန်ကွဲတင်ပို့မှု၊ ပေါင်းဆန် တင်ပို့ခွန်စည်းကြပ်မှု နှင့် ပြီးခဲ့သည့်နှစ် မေလက စည်းကြပ်ခဲ့သော ဂျုံတင်ပို့မှုတားမြစ်ချက်တို့ကြောင့် နှံစားသီးနှံတင်ပို့မှုသည် ၂၀၂၃-၂၄ ခုနှစ်၊ ပထမ (၇)လပတ်တွင် အမေရိကန်ဒေါ်လာ (၆.၁၇)ဘီလီယံသို့ (၁၀%) သိသိသာသာ ကျဆင်းသွားခဲ့ပါသည်။

(၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်၏ ဧပြီလမှ အောက်တိုဘာလအတွင်း ဘာစမာတီဆန် တင်ပို့ မှုသည် အမေရိကန် ဒေါ်လာ(၂.၉၅)ဘီလီယံတန်ဘိုးရှိသဖြင့် (၁၆.၂၇%)တိုးတက်တင်ပို့နိုင်ခဲ့ပြီး ဘာစမာတီ မဟုတ်သည့် အခြားဆန်တင်ပို့မှုတန်ဘိုးသည် အမေရိကန်ဒေါ်လာ (၂.၉)ဘီလီယံရှိ သဖြင့် ယခင်နှစ် ကာလတူတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက (၂၀.၁၆%)လျော့ကျသွားကြောင်းကို ကူးသန်း ရောင်းဝယ်ရေး၊ စိစစ်သုံးသပ်ရေး နှင့် စာရင်းအင်း အလုပ်အမှု‌ဆောင်အဖွဲ့၏ ပြောကြားချက်အရ သိရှိရပါသည်။

ပမာဏအားဖြင့်ဆိုရသော် ယခုဘဏ္ဍာနှစ်၏ ဧပြီလမှ အောက်တိုဘာလအတွင်း ဆန် တင်ပို့မှု တန်ချိန် (၉.၉၁)သန်းသို့ (၂၁.၄၉%)လျော့နည်းသွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ယခု ဘဏ္ဍာနှစ်၌ ဘာစမာတီမဟုတ်သည့် အခြားဆန်တင်ပို့မှု ပမာဏသည် တန်ချိန် (၇.၃၁)သန်းသို့ (၂၈%) လျော့နည်းသွားရခြင်းကြောင့် ဖြစ်ပါသည်။

ဆန်၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်၊ မွေးမြူရေးနှင့် နို့ထွက်ပစ္စည်း တင်ပို့မှု မြင့်တက် လာခြင်းကြောင့် APEDA ကွပ်ကဲမှုဖြင့်ထုတ်ကုန်တင်ပို့မှုတန်ဘိုးသည် (၂၀၂၂-၂၃) ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၂၆.၃)ဘီလီယံဖြစ်ပြီး (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက (၉%) ပိုမို တင်ပို့နိုင်ခဲ့ပါသည်။

(၂၀၂၂) ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၉.၆)ဘီလီယံ တင်ပို့ရာမှ အမေရိကန်ဒေါ်လာ (၁၁.၁)ဘီလီယံအထိ စံချိန်တင် မြင့်တက်ခဲ့သဖြင့် ပြီးခဲ့သည့်ဘဏ္ဍာနှစ်၏ ဆန်တင်ပို့မှု အခြေ အနေသည် နှစ်စဉ်တင်ပို့နိုင်မှုထက် (၁၅%) ပိုမိုမြင့်တက်ခဲ့ပါသည်။ ပမာဏအားဖြင့် ဆန်တင်ပို့မှု ပမာဏသည် ယခင်နှစ်များထက် တန်ချိန် (၂၂.၃၄)သန်းအထိ စံချိန်တင်ကာ (၅%) ပိုမို တင်ပို့ နိုင်ခဲ့ပါသည်။

ဩဂုတ်လမှ အောက်တိုဘာလအတွင်း၌ အစိုးရအနေဖြင့် ပရီမီယံ ဘာစမာတီဆန်ကို အကာအကွယ်ပေးနိုင်ရန်အတွက် ဘာစမာတီမဟုတ်သောဆန်များ တရားမဝင်တင်ပို့မှုအား ကန့် သတ်ရန် ယာယီအနိမ့်ဆုံးပို့ကုန်စျေးနှုန်း (MEP) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၀၀) သတ်မှတ် ခဲ့ရာမှ ယခုနောက်ပိုင်းတွင် (MEP) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၉၅၀)သို့ လျော့ချခဲ့ပါသည်။

APEDA၏ ကွပ်ကဲမှုဖြင့် ကုန်ပစ္စည်းများ တင်ပို့မှုသည် (၂၀၂၁-၂၂)ခုနှစ်တွင် အမေရိကန် ဒေါ်လာ(၂၅.၆)ဘီလီယံရှိပြီး အခြားစိုက်ပျိုးရေးထွက်ကုန်များဖြစ်သော ရေထွက်ပစ္စည်း၊ ဆေးရွက်ကြီး၊ ကော်ဖီနှင့်လက်ဘက်အပါအဝင် တန်ဘိုးအားဖြင့် အမေရိကန်ဒေါ်လာ (၅၀)ဘီလီယံကျော်သည့် နိုင်ငံ၏စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန်များ တင်ပို့မှုစုစုပေါင်း၏ (၅၁%)ဝန်းကျင် ရှိကြောင်းကို (၁၈. ၁၂. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် www.financialexpress.com သတင်းအရ သိရှိရပါသည်။


Source https://www.financialexpress.com/policy/economy-curbs-on-rice-shipments-pull-down-farm-exports-3340771/


တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန





ဆက်စပ် သတင်းများ