ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Rajshahi ဒေသ၌ ပဲနီလေး တန်ချိန် (၅၄,၁၀၁) ထွက်ရှိရန် မျှော်မှန်း

  • Fri, 12 January 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Rajshahi ဒေသ၌ ပဲနီလေး တန်ချိန် (၅၄,၁၀၁) ထွက်ရှိရန် မျှော်မှန်း


ယခုဆောင်းသီးနှံရာသီချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Rajshahi ဒေသ၌ ပဲနီလေးစိုက်ဧရိယာ (၃၅,၃၈၀)ဟက်တာမှ တန်ချိန် (၅၄,၁၀၁)ဝန်းကျင်ထွက်ရှိရန် မျှော်မှန်းထားကြောင်းကို ဌာန၏ ပြောကြားချက်အရ သိရှိရ ပါသည်။

စိုက်ပျိုးရေးဆိုင်ရာ တိုးချဲ့ပညာပေးရေး ဌာနအနေဖြင့် Rajshahi စိုက်ပျိုးရေးဇုန်၏ ခရိုင်(၄)ခုရှိ စိုက်ဧရိယာ (၂၀,၆၂၀)ဟက်တာမှ ပဲနီလေးတန်ချိန် (၃၂,၄၁၁)ထွက်ရှိရန် နှင့် Bogura ဇုန်၏ အခြားခရိုင်(၄)ခုရှိ စိုက်ဧရိယာ (၁၄,၇၅၅)ဟက်တာမှ ပဲနီလေးတန်ချိန် (၂၁,၆၉၀) ထွက်ရှိရန် ရည်မှန်းထားပါသည်။

တောင်သူများထံ အထွက်ကောင်းမျိုးများ ပံ့ပိုးပေးခြင်းကဲ့သို့သော ပဲနီလေး ရည်မှန်း အထွက်နှုန်း ရရှိစေသည့် ဖြစ်နိုင်သမျှနည်းလမ်းများကို လက်ခံဆောင်ရွက်လျက်ရှိကြောင်း နှင့် စာရင်းမဝင်သည့် အသေးစား တောင်သူအများစုကိုလည်း အစိုးရ၏ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ စည်းရုံးရေးအစီအစဉ်အရ ပဲနီလေးစိုက်ပျိုးသည့် တောင်သူများအား ပံ့ပိုးသည့်မျိုးစေ့နှင့် ဓာတ်မြေ ဩဇာများ အခမဲ့ပံ့ပိုးပေးလျက်ရှိကြောင်းကို စိုက်ပျိုးရေးဆိုင်ရာ တိုးချဲ့ပညာပေးရေးဌာနမှ တွဲဘက် ဒါရိုက်တာ Shamsul Wadud က ပြောကြားခဲ့ပါသည်။

အထွက်ကောင်းမျိုးများသုံးစွဲခြင်း နှင့် ခေတ်မီဆန်းသစ်သည့် စီမံခန့်ခွဲမှုများကြောင့် လွန်ခဲ့သော နှစ်အနည်းငယ်၌ပင် ဝင်ငွေရသီးနှံများ အထွက်နှုန်း ပိုမိုကောင်းမွန်လာသည်ကို တောင်သူများ သိမြင်လာကြကြောင်းကို ဒု-လက်ထောက်စိုက်ပျိုးရေးဦးစီးမှူးဖြစ်သူ Atanu Sarker က BSS သို့ ပြောကြားခဲ့ပါသည်။

သက်ဆိုင်ရာအစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအားလုံးတို့သည် မြေအောက်ရေ သုံးစွဲမှု‌ တဖြည်းဖြည်းလျော့ကျလာစေရန်အတွက် Barind နယ်မြေအတွင်း၌ ပဲနီလေးကဲ့သို့ ရေ ချွေတာသည့်သီးနှံများ စိုက်ပျိုးကြရန် တောင်သူများအား စည်းရုံးလှုံ့ဆော်လျက်ရှိကြောင်း ဆက်လက် ပြောကြားခဲ့ပါသည်။

တောင်သူများသည် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း အမြတ်အစွန်းများစွာ ရရှိခဲ့သည့် စျေးကွက်ဝင် ပဲနီလေးသီးနှံများ စိုက်ပျိုးရန် စိတ်ဝင်စားစပြုလာကြကြောင်း နှင့် Barind ကုန်းမြင့် ဒေသ၌ စပါးစိုက်ပျိုးရာတွင် ဆည်ရေအမြောက်အမြားသုံးစွဲရပြီး ပဲနီလေးစိုက်ပျိုးရာ၌ စိုက်ပျိုးရေ အနည်းငယ်သာသုံးစွဲရသဖြင့် ယင်းဒေသရှိတောင်သူများသည် ပဲနီလေးစိုက်ပျိုးရန် ပိုမိုစိတ်ဝင်စားလျက် 


ရှိကြကြောင်းကို  IWRMမှ စီမံကိန်းညှိနှိုင်းရေးမှူးဖြစ်သူ Jahangir Alam Khan က ပြောကြားခဲ့ ပါသည်။

နှစ်စဉ် Aman စပါးရိတ်သိမ်းပြီးချိန်၌ (၃)လထက် ပိုမိုကာ မြေလှပ်ထားလေ့ရှိသည့် စိုက် ဧရိယာ (၈၀,၀၀၀)ဟက်တာဝန်းကျင်၌ ပဲနီလေးစိုက်ပျိုးပါက Barindနယ်မြေ၌ ပဲနီလေးအထွက် နှုန်းသည် အဆမတန် ပိုမိုများပြားလာမည်ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ ဦးဆောင်သုတေသနပညာရှင်ဖြစ်သူ Dr Jagadish Chandra Barman က ပြောကြားခဲ့ ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ပဲမျိုးစုံသီးနှံ အမြောက်အမြားတင်သွင်းလျက်ရှိပြီး အထူး သဖြင့် ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် ပဲနီလေး အများအပြား တင်သွင်းလျက် ရှိကြောင်း၊ စိုက်ဧကများတိုးချဲ့စိုက်ပျိုးရန် အလားအလာကောင်းများလည်းရှိသဖြင့် ပဲမျိုးစုံသီးနှံအား ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့နည်းသက်သာစွာဖြင့် ပမာဏများများ ထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး ရရှိလာမည့် အထွက်နှုန်းသည် သွင်းကုန်အပေါ် သက်ရောက်နေသည့် ဖိအားများအား သေချာပေါက် လျော့နည်း သွားစေမည်ဖြစ်ကြောင်းကို (၄. ၁. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် Bangladesh Sangbad Sangstha (BBS) သတင်းအရ သိရှိရပါသည်။


Source https://www.bssnews.net/agriculture-news/166350


တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ