အရှိန်အဟုန်မြှင့်စိုက်ပျိုးခြင်းဖြင့် စပါးစိုက်ပျိုးထုတ်လုပ်မှု လုံခြုံစိတ်ချစေရေး စိုက်ပျိုးရေးဝန်ကြီးပြောကြား

  • Wed, 17 January 2024

အရှိန်အဟုန်မြှင့်စိုက်ပျိုးခြင်းဖြင့် စပါးစိုက်ပျိုးထုတ်လုပ်မှု လုံခြုံစိတ်ချစေရေး စိုက်ပျိုးရေးဝန်ကြီးပြောကြား


    ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက စပါးစိုက်ပျိုးမှုအား အရှိန်မြှင့်ထားသောကြောင့် နှစ်စဉ် စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် (၂၀၂၄)ခုနှစ်၏ အဓိကစပါးရိတ်သိမ်းရာသီဖြစ်သည့် မတ်လ နှင့် ဧပြီလ များအတွက် လုံခြုံစိတ်ချရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Amran Sulaiman က ပြောကြားခဲ့ ပါသည်။
    ဒီဇင်ဘာလတွင် ဟက်တာ(၁.၅)သန်းစိုက်ပျိုးခဲ့ပြီး ၎င်းသည် သတ်မှတ်လျာထားချက်ထက် ကျော်လွန်နေပြီကြောင်း၊ ထို့ကြောင့် ဧပြီလတွင် အပြည့်အဝ ရိတ်သိမ်းမည်ဖြစ်ကြောင်း Sulaiman က ဂျာကာတာရှိ သမ္မတအိမ်တော် Complex တွင် အင်္ဂါနေ့က ပြောကြားခဲ့ပါသည်။
    ပင်လယ်ရေမျက်နှာပြင်ပူနွေးလာမှု သို့မဟုတ် အယ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုကြောင့် စိုက်ပျိုးရာသီ၏ ပုံစံများကို ပြောင်းလဲခဲ့ကြောင်း Sulaiman က မှတ်ချက်ပြုခဲ့ပါသည်။ ထို့ကြောင့် စိုက်ပျိုးရာသီကို အရှိန်အဟုန်မြှင့်ခြင်းဖြင့် အစားအစာထုတ်လုပ်မှုကို စိတ်ချလုံလောက်စေရန်အတွက် အရေးကြီးကြောင်း ၎င်းကပြောပါသည်။
    ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် စိုက်ပျိုးခဲ့သော စပါးအထွက်နှုန်းသည် အနည်းဆုံး ဆန် တန်ချိန်(၃.၅)သန်းအထိရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ဇန်နဝါရီလတွင် လယ်မြေဧရိယာ ဟက်တာ (၁.၇)သန်း စိုက်ပျိုးမည်ဖြစ်ပြီး ဖေဖော်ဝါရီတွင် ဆက်လက် စိုက်ပျိုးမည်ဖြစ်ကြောင်း၊ အဓိက အချက်မှာ နောက်(၃)လအတွက် စားနပ်ရိက္ခာဖူလုံမှုကိုလိုချင်ကြောင်း၊ စိုက်ပျိုးမှုသည် တစ်လလျှင် ဟက်တာ တစ်သန်းထက် မနည်းသင့်ကြောင်း ၎င်းက မှတ်ချက်ပြုပါသည်။
    အယ်နီညိုဖြစ်စဉ်အတွင်း တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများအပေါ်အခြေခံ၍ စိုက်ပျိုးမြေ ဧရိယာ ဟက်တာ(၅၀၀,ဝဝဝ) စိုက်ပျိုးပါက ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် မလုံလောက် ကြောင်း ၎င်းက မှတ်ချက်ပြုပါသည်။ ထို့ကြောင့် စိုက်ပျိုးမြေ ဟက်တာ တစ်သန်းကျော် လစဉ် စိုက်ပျိုးရန် ရည်မှန်းထားပါသည်။
    အင်္ဂါနေ့က ဂျကာတာတွင် ကျင်းပသည့် စုံညီအစိုးရအဖွဲ့အစည်းအဝေးတွင် သမ္မတ Joko Widodo (Jokowi) က ဝန်ကြီးဌာနများနှင့်အေဂျင်စီများအား စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းရာသီများ အတွင်း စိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်စေနိုင်သည့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၏ အကျိုး သက်ရောက်မှုများကို သတိထားရန် တိုက်တွန်းခဲ့ပါသည်။
    Jokowi သည် ယခုနှစ်အစတွင် စားနပ်ရိက္ခာရရှိနိုင်မှု သေချာစေရန်အတွက် သီးနှံများ စိုက်ပျိုးခြင်းနှင့် ထုတ်လုပ်မှုစာရင်းများ တွက်ချက်ခြင်း၏အရေးပါမှုကို ဝန်ကြီးဌာနများနှင့် အေဂျင်စီများ အားလုံး အာရုံစိုက်သင့်ကြောင်း ပြောကြားပါသည်။
    နိုင်ငံတော်ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ (Bulog) ၏ အချက်အလက်များအရ ယခုနှစ် အစတွင် Bulog ၏ ဂိုဒေါင်များ၌ အစိုးရအရန်ဆန်သည် တန်ချိန် (၁.၆)သန်းအထိ ရှိခဲ့ကြောင်း (၉.၁.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော en.antaranews၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source    https://en.antaranews.com/news/302724/rice-production-safe-as-planting-expedited-agriculture-minister

တင်ပြသူ    ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ