စိုက်ပျိုးရေးကဏ္ဍအတွက် ရံပုံငွေ ပိုမိုသုံးစွဲရန် ကင်ညာအစိုးရမှ တွန်းအားပေး

  • Wed, 24 January 2024

စိုက်ပျိုးရေးကဏ္ဍအတွက် ရံပုံငွေ ပိုမိုသုံးစွဲရန် ကင်ညာအစိုးရမှ တွန်းအားပေး


အစိုးရ၏ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ အစည်းဝေးဆုံးဖြတ်ချက်၌ ငွေကြေးအရင်းအနှီး ပံ့ပိုးကူညီပေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ တိုးချဲ့ပညာပေးရေးကို တစိုက်မတ်မတ် ဆောင်ရွက် ပေးခြင်းတို့ဖြင့် တောင်သူဦးရေ (၂)သန်းတို့အား စားနပ်ရိက္ခာ ချို့တဲ့သည့် အခြေအနေမှ ပိုပိုလျှံလျှံ ထုတ်လုပ်နိုင်သူများ ဖြစ်စေသည်အထိ တိုးတက်ပြောင်းလဲစေနိုင်ရေး စီမံချက်များ ပါဝင်ပါသည်။

၎င်းစီမံချက်ကို အဓိက အစားအစာ တန်ဘိုးကွင်းဆက်များ နှင့် အခြားတန်ဖိုးကွင်းဆက် များဖြစ်သည့် ပြောင်းတစ်ဧကအထွက်နှုန်းအား (၈)အိတ်မှ(၁၅)အိတ်သို့လည်းကောင်း၊ တစ်နေ့လျှင် နွားတစ်ကောင်၏ နို့ထွက်နှုန်းအား (၂.၅)ကီလိုဂရမ်မှ (၇.၅)ကီလိုဂရမ်သို့လည်းကောင်း၊ အသား ထွက်နှုန်းအား (၁၁၀)ကီလိုဂရမ်မှ (၁၅၀)ကီလိုဂရမ်သို့လည်းကောင်း တိုးမြှင့်ထုတ်လုပ်ခြင်းအားဖြင့် အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် စိုက်ပျိုးရေးကဏ္ဍ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဘဏ္ဍာငွေကြေးဆိုင်ရာညီလာခံ (FINAS 2024)နှင့်ပတ်သက်၍ ယနေ့ပြုလုပ်သော မီဒီယာမိတ်ဆက်ပွဲ အခမ်းအနားတစ်ခု၌ ပြည်နယ်စိုက်ပျိုးရေးတာဝန်ခံ Dr. Paul Rono က အစိုးရအနေဖြင့် ဝန်ထုတ် ဝန်ပိုးများ လျော့ကျစေရန်အတွက် အခြေခံစားသောက်ကုန်တင်သွင်းမှုအား (၃၀%)ထပ်မံလျှော့ချရန် ရည်ရွယ်သည့်အပြင် ပြည်တွင်းဆီထွက်သီးနှံထုတ်လုပ်မှုအား (၅%)မှ (၂၅%)သို့လည်းကောင်း၊ ဆန် စပါးထုတ်လုပ်မှုအား (၁၈%)မှ (၄၀%)သို့လည်းကောင်း ပြောင်းလဲသတ်မှတ်ခြင်းဖြင့် အရည်အသွေး နိမ့်ကျပြီး အခြေအနေမပေးသည့် ပို့ကုန်သီးနှံများကို အပြောင်းအလဲများပြုလုပ်ကာ အရေးကြီး သီးနှံများကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြုပ်နှံမှုနှင့် ရန်ပုံငွေထောက်ပံ့မှုသည် နောက်ကျကျန်နေ သေးကြောင်း၊ နိုင်ငံပိုမိုခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ အသွင် ကူးပြောင်းရန်လိုအပ်ကြောင်း နှင့် ထိုကဲ့သို့ အပြောင်းအလဲများ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးအနေဖြင့် မည်သို့မည်ပုံ အကောင်းဆုံး ဆောင်ရွက်သင့်သည်များကို ဆွေးနွေး ဆုံးဖြတ်သင့်ကြောင်း ၎င်းက မှတ်ချက်ချခဲ့ပါသည်။

တောင်သူများ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် စီမံခန့်ခွဲမှုကောင်းမွန်သည့် တောင်သူ အဖွဲ့အစည်းများမှတဆင့် လုံလောက်စွာ ပံ့ပိုးကူညီပေးခြင်း၊ လယ်ယာကဏ္ဍအား အမြတ်အစွန်း သေချာစေသည့်အပြင် ဝင်ငွေကို မှန်းဆနိုင်ရေးအတွက် စိုက်ရေးပျိုးရေး၌ ကြုံတွေ့ရလေ့ရှိသော အဟန့်အတားများကိုစီမံခန့်ခွဲမှုပြုနိုင်သည့် ခေတ်မီကိရိယာများအား လက်တွေ့အသုံးချစေခြင်း တို့ကို အစိုးရအနေဖြင့် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။

အခြေခံမှစ၍ စီးပွားရေးအသွင်ပြောင်းရေးအစီအစဉ် (BETA) တွင် အစိုးရသည် ရံပုံငွေကို စိုက်ပျိုးရေးကဏ္ဍအတွက် ဦးစားပေး ပံ့ပိုးပေးထားကြောင်း၊ ထို့အပြင် ပြည်တွင်း စားနပ်ရိက္ခာ ထုတ်လုပ်မှု အရှိန်အဟုန်မြင့်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် ရည်ရွယ်၍ (၁၀)နှစ်ကြာ စိုက်ပျိုးရေးမဟာဗျူဟာတစ်ရပ်ကို ဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်၍ မှတ်ချက်ချခဲ့ပါသည်။

စိုက်ပျိုးရေးကဏ္ဍ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးမှုမဟာဗျူဟာ (ASTGS 2019 -2029)ကို အကောင်အထည် ဖော်ဆောင်သွားရာတွင် မဟာစီမံကိန်း(၂၀၂၄-၂၀၃၄)အနေဖြင့် အမျိုးသား လယ်ယာကဏ္ဍရင်းနှီးမြုပ်နှံမှုအစီအစဉ်၏ (၈၀%)အထိ ပံ့ပိုးပေးနိုင်သော အားမာန်ပြည့်ဝသည့် ပုဂ္ဂလိကကဏ္ဍတစ်ရပ် ဖြစ်သည်အထိ မျှော်မှန်းကာ ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ကင်ညာစိုက်ပျိုးရေးကဏ္ဍကို အသွင်ပြောင်းရန်အတွက် ထိရောက်သောမူဝါဒများကို ပုံဖော် ရန်နှင့် ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ ငွေကြေးစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများကို မျှဝေ နိုင်ရေးအတွက် COG သည် ဆွေးနွေးမှုများ အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (၁၇.၁.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် KENYA NEWS AGENCY သတင်းဆောင်းပါးအရ သိရှိရ ပါသည်။


Source https://www.kenyanews.go.ke/government-roots-for-more-funding-in-agriculture/


တင်ပြသူ ဒေါ်နှင်းရီဝင်း၊  စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ