ယခုသီးနှံရာသီတွင် မော်ရိုကိုနိုင်ငံမှ ထောပတ်သီးတန်ချိန် (၄၅,၀၀၀) တင်ပို့နိုင်ခဲ့

  • Fri, 16 February 2024

ယခုသီးနှံရာသီတွင် မော်ရိုကိုနိုင်ငံမှ ထောပတ်သီးတန်ချိန် (၄၅,၀၀၀) တင်ပို့နိုင်ခဲ့



မော်ရိုကိုထောပတ်သီးကဏ္ဍ လှုပ်ရှားဆောင်ရွက်မှု အခြေအနေသည် မျှော်မှန်းထား သည်ထက် ပိုမို၍ ငြိမ်သက်နေသော်လည်း ပို့ကုန်ပမာဏမှာ စံချိန်ချိုးနိုင်လောက်သည်အထိ ရလဒ်ကောင်းများ ရရှိနေသဖြင့် အောင်မြင်မည့်လမ်းကြောင်းပေါ်တွင်ရှိနေကြောင်း မော်ရိုကို  ထောပတ်သီးအသင်း၏ ဥက္ကဌဖြစ်သူ Abdellah Elyamlahi က ပြောကြားခဲ့ပါသည်။

(၂၀၂၃-၂၀၂၄)ရာသီအတွက် မော်ရိုကိုနိုင်ငံ၏ ထောပတ်သီး တင်ပို့မှုသည် ဇန်နဝါရီလ (၇)ရက်နေ့အထိတွင် တန်ချိန်ပေါင်း (၃၀,၀၀၀)တင်ပို့ခဲ့ပြီးဖြစ်ကြောင်း၊ ဇန်နဝါရီလ ဒုတိယ သီတင်းပတ်မှစ၍ ၎င်းတို့၏ ထုတ်လုပ်နိုင်မှု နှင့် ဝယ်လိုအားသည် ထိပ်ဆုံးအခြေအနေသို့ ရောက်ရှိ ခဲ့ပြီးဖြစ်ကြောင်း၊ ထောပတ်သီးကဏ္ဍ လှုပ်ရှားမှုပြီးနောက် (၂)လခန့်ကြာသည့် ယခုအချိန်တွင် တန်ချိန် (၄၂,၀၀၀ - ၄၅,၀၀၀) တင်ပို့ပြီးဖြစ်၍ တင်ပို့ရန်ရည်မှန်းထားသည့် ပန်းတိုင်တန်ချိန် (၆၀,၀၀၀)၏ (၇၀%)အား တင်ပို့ပြီးဖြစ်ကြောင်း၊ အဆိုပါ ရည်မှန်းပန်းတိုင်ပမာဏသည် အချိန်နှင့် အမျှမှတ်တမ်းတင်ခဲ့သည့် ပို့ကုန်ပမာဏအသစ်တစ်ခုကို ကိုယ်စားပြုသည့်အပြင် မော်ရိုကို ထောပတ်သီးကဏ္ဍ၏ စွမ်းဆောင်ရည် နှင့် မော်ရိုကိုနိုင်ငံတည်ရှိမှုကိုပါ သင်္ကေတတစ်ရပ်သဖွယ် ဖြစ်စေသဖြင့် အဆိုပါသီးနှံရာသီတွင် အစွမ်းကုန်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း Elyamlahi က ပြောကြားခဲ့ပါသည်။

ယခုနှစ် သီးနှံရာသီအစကပင် သဘာဝတရား နှင့် စီးပွားရေးအခြေအနေ (၂)ရပ်တို့၏ တစ် လှည့်စီ ရိုက်ခတ်သည့် အခြေအနေဆိုးများကြောင့် ယခုရာသီ၌ ထောပတ်သီးတန်ချိန် (၆၀,၀၀၀) တင်ပို့ရန်အတွက်မှာ မဖြစ်နိုင်ပါ။ အောက်တိုဘာလ၌ Bernard မုန်တိုင်းသည် အတ္တလန္တိတ် ကမ်းရိုးတန်းအား ဝင်ရောက်ခဲ့ပြီး မော်ရိုကိုထောပတ်သီး စိုက်ပျိုးရာအချက်အချာ ဖြစ်သည့် Larache ဒေသအား အပြင်းထန် အဆိုးရွားဆုံး တိုက်ခတ်ခဲ့ပါသည်။ အဆိုပါမုန်တိုင်း တိုက်ခတ် မှုကြောင့် သီးနှံအားလုံး မဟုတ်သော်လည်း တန်ချိန် (၆,၀၀၀)ခန့် ဆုံးရှုံးခဲ့ရကြောင်း၊ ထို့အပြင် အသီးအရွယ်အစား (၁၂-၂၂)ကဲ့သို့ ဈေးကွက်မဝင်သည့် အရွယ်အစားပြဿနာတစ်ရပ်လည်း ရှိသေး ကြောင်း၊ သီးနှံ၏ စုစုပေါင်းပမာဏ ကွာဟချက်များ နှင့် မုန်တိုင်းအတွင်း သီးနှံများ သိသိသာသာ ဆုံးရှုံးခဲ့ရခြင်းတို့ကြောင့် သီးနှံတင်ပို့နိုင်မှုအ‌ခြေအနေ ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့ပါသည်။

လက်ရှိတွင် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ဥရောပဈေးကွက်၌ စပိန် နှင့် အစ္စရေးထွက်ကုန်များကို ယှဉ်ပြိုင်နေရကြောင်း၊ ထိုသို့ ယှဉ်ပြိုင်နေစဉ် ဈေးနှုန်းအနည်းအများနှင့် ပတ်သက်၍ ပြဿနာ တစုံတရာမရှိကြောင်း၊ သို့သော်လည်း စားသုံးသူများအနေဖြင့် ထောပတ်သီးအပေါ် စိတ်ဝင်စားမှုမရှိခြင်းကြောင့် ယခင်နှစ်ကာလတူဝယ်လိုအား လျော့နည်းရခြင်းဖြစ်သည်ကို တွေ့ရှိ ရကြောင်း ကုန်သည်တစ်ဦးက ထပ်လောင်းပြောကြားခဲ့ပါသည်။

ကျန်ရှိသည့်သီးနှံရာသီတွင် မော်ရိုကိုထောပတ်သီးအတွက် အဓိကအားထားရာ ပန်းတိုင်မှာ ဂျာမနီ နှင့် ပြင်သစ်ပြီးလျှင် နယ်သာလန် နှင့် စပိန်ဖြစ်သည်မှာ အံ့ဩဖွယ် တစုံတရာမရှိကြောင်း၊ Elyamlahi ၏ အဆိုအရ ၎င်းသည် နှစ်ပေါင်းများစွာ ပြောင်းလဲမှုမရှိသည့် စျေးကွက်ပုံစံတစ်ခု ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်အဖြစ် လူကြိုက်အများဆုံးဖြစ်သည့် အသီးအရွယ်အစား (၂၀-၂၂) အတွင်း Hass အမျိုးအစား ထောပတ်သီးများသည်လည်း ပြောင်းလဲမှုအနည်းငယ်မျှ မရှိကြောင်း၊ ဒေသတွင်း မော်ရိုကို ဈေးကွက်၌ ဈေးကွက်လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန်အတွက် လုံလောက်သော ထုတ် လုပ်မှု ကွာဟချက် ပမာဏရှိသည်ကို တင်ပို့သူတစ်ဦး၏ ထပ်လောင်း ပြောကြားခဲ့ကြောင်းကို (၁၃. ၂. ၂၀၂၄)ရက်တွင် ထုတ်ပြန်သည့် www.freshplaza.com သတင်း အရ သိရှိရပါသည်။


Source https://www.freshplaza.com/north-america/article/9598677/so-far-this-season-morocco-has-exported-45-thousand-tonnes-of-avocados/


တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ