အီဂျစ်လယ်ယာထွက်ကုန်တင်ပို့မှု မြင့်မားလာ

  • Fri, 16 February 2024

အီဂျစ်လယ်ယာထွက်ကုန်တင်ပို့မှု မြင့်မားလာ



သစ်သီးဝလံ လယ်ယာထွက်ကုန် တင်ပို့မှုသည် (၂၀၂၃)ခုနှစ်တွင် တန်ချိန် (၇.၄)သန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ (၃.၇)ဘီလီယံ ရရှိခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီး Al-Sayed Al-Qusseir က အထက်လွှတ်တော်သို့ တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါသည်။ ပေါင်းစပ်လိုက်လျှင် အီဂျစ်၏ သစ်သီးဝလံနှင့်ပြုပြင်ထုတ်လုပ်ထားသော လယ်ယာထွက်ကုန်များတင်ပို့မှုသည် ဒေါ်လာ (၉)ဘီလီယံ ရှိလာခဲ့ပါသည်။

စိုက်ပျိုးရေးပို့ကုန်ပမာဏမြင့်တက်လာခြင်းသည် ပြီးခဲ့သည့်နှစ်နှစ်အတွင်း ပုဂ္ဂလိကနှင့် အများပိုင်ထုတ်လုပ်သူများ ပစ်မှတ်ထားသောပို့ကုန်များတိုးလာမှုကို ထင်ဟပ်စေပါသည်။ ဝန်ကြီး၏ အဆိုအရ (၂၀၂၃)ခုနှစ်တွင် အီဂျစ်မှ လယ်ယာထွက်ကုန် (၄၀၆)ခုကို စျေးကွက် (၁၆၀)သို့ တင်ပို့ ခဲ့ပြီး ယခင်နှစ်ထက် ဈေးကွက် (၉၃)ခု တိုးလာခဲ့ပါသည်။

အီဂျစ်သည် အရည်အသွေးမြှင့်တင်ခြင်း နှင့် ဈေးကွက်ယှဉ်ပြိုင် ရောင်းချပေးခြင်းဖြင့် စိုက်ပျိုးရေး ပို့ကုန်လမ်းကြောင်းရှိ အတားအဆီးများကို ဖယ်ရှားနိုင်ကြောင်း Al-Qusseir မှ ပြောကြားခဲ့ပါသည်။

ဂျပန်နှင့် ဘရာဇီးတို့သည် အသစ်ပေါ်ထွက်လာသော စျေးကွက်များထဲတွင် ပါဝင်ခဲ့ပါသည်။ Al-Qusseir က ယခုအခါ များပြားလှသော ရှောက်သံပုရာ၊ စပျစ်သီးနှင့် သလဲသီးများကို ဂျပန်နိုင်ငံသို့ တင်ပို့နေပြီး အာလူးများကို ဘရာဇီးနိုင်ငံသို့ တင်ပို့နေကြောင်း မှတ်ချက်ပြုခဲ့ပါသည်။

လယ်ယာထွက်ကုန်များတင်ပို့မှုတွင် ရှောက်သံပုရာများ၊ အာလူးများ၊ ကြက်သွန်နီများ၊ စပျစ်သီးများ၊ ခရမ်းချဉ်သီးများ၊ ကန်စွန်းဥများ၊ စတော်ဘယ်ရီသီးများ၊ မာလကာသီး၊ ကြက်သွန်ဖြူ၊ သရက်သီး၊ ဖရဲသီးနှင့် သလဲသီးများ ပါဝင်ပါသည်။ အီဂျစ်သည် (၂၀၂၀)ခုနှစ်ကပင် လိမ္မော်သီး တင်ပို့သူများ တွင် ပထမအဆင့်နှင့် စတော်ဘယ်ရီ အမျိုးအစားတွင် တတိယဖြစ်ပါသည်။ (၂၀၂၃)ခုနှစ်တွင် ရှောက်သံပုရာ တန်ချိန် နှစ်သန်း၊ အာလူးတန်ချိန် (၉၅၀,၀၀၀) နှင့် ကြက်သွန်နီ တန်ချိန် (၄၁၂,၀၀၀) တင်ပို့ခဲ့ပါသည်။

အစိုးရက အကောင်အထည်ဖော်သည့် ဧရာမမြေယာ ပြန်လည်ထူထောင်ရေးစီမံကိန်း များသည် ပို့ကုန်များ တိုးမြင့်လာစေခဲ့ပါသည်။ Toshka၊ New Delta နှင့် မြောက်ဘက်နှင့် အလယ်ပိုင်း Sinai ကဲ့သို့သော စီမံကိန်းများသည် အီဂျစ်၏ စိုက်ပျိုးမြေဧရိယာ (၄)သန်းကျော် တိုးလာခဲ့ပြီး ကောက်ပဲသီးနှံ တန်ချိန် သန်း (၃၀)ကျော် ထုတ်လုပ်ခဲ့ပါသည်။

GDP အတွက် စိုက်ပျိုးရေးကဏ္ဍ၏ပံ့ပိုးကူညီမှုသည် သုံးနှစ်အတွင်း (၁၂) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ပြီး ၎င်းသည် အရေးကြီးသော နိုင်ငံခြားငွေလဲလှယ်နှုန်း အရင်းအမြစ် ဖြစ်လာကာ အီဂျစ်နိုင်ငံလုပ်သားအင်အား၏ (၂၅) ရာခိုင်နှုန်းကို အသုံးပြုခဲ့ပါသည်။

Al-Khouli မှ (၂၀၂၂-၂၃)ရာသီတွင် လယ်ယာထွက်ကုန် တင်ပို့မှုပမာဏသည် (၅.၆)သန်း ရှိပြီး ယခင်ရာသီ၏ တန်ချိန် (၄.၃)သန်းထက် (၂၉.၂)ရာခိုင်နှုန်း တိုးတက်လာကြောင်း ဖော်ပြ ခဲ့ပါသည်။ အာရပ်နိုင်ငံများသည် (၂၀၂၂/၂၀၂၃)ရာသီတွင် အီဂျစ်၏ စိုက်ပျိုးရေးပို့ကုန် (၃၇) ရာခိုင်နှုန်းကို တင်သွင်းခဲ့ပြီး ဒေါ်လာ (၁.၃)ဘီလီယံ ရရှိခဲ့ပါသည်။ EU မဟုတ်သောနိုင်ငံများသို့ လယ်ယာထွက်ကုန်တင်ပို့မှုတန်ဖိုးသည် ကန်ဒေါ်လာ (၈၀၇)သန်းရှိခဲ့ပြီး EU သို့ တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ (၉၁၇)သန်းအထိ ရှိခဲ့ပသည်။

ရုရှားသည် အီဂျစ်ကောက်ပဲသီးနှံများကို ထိပ်တန်းတင်သွင်းသူဖြစ်ပြီး ကန်ဒေါ်လာ (၄၁၈)သန်း တန်ဖိုးရှိသော သီးနှံတန်ချိန် (၆၈၈,၀၀၀)ခန့် တင်ပို့ခဲ့သဖြင့် ပို့ကုန်စုစုပေါင်း၏ (၁၂)ရာခိုင်နှုန်းခန့်ရှိကြောင်း (၆.၂.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော english.ahram.org.eg website ၏ သတင်းဆောင်းပါးများအရ သိရှိရပါသည်။


Source https://english.ahram.org.eg/NewsContent/50/1201/517315/AlAhram-Weekly/Egypt/ Agricultural-exports-hit-new-high.aspx


တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ