အီဂျစ်နိုင်ငံမှ အေးခဲ စတော်ဘယ်ရီသီး နှင့် ကမ္ဗလာသီးများ ဘရာဇီးနိုင်ငံသို့ တင်ပို့မှု တိုးတက်လာ

  • Wed, 21 February 2024

အီဂျစ်နိုင်ငံမှ အေးခဲ စတော်ဘယ်ရီသီး နှင့် ကမ္ဗလာသီးများ ဘရာဇီးနိုင်ငံသို့ တင်ပို့မှု တိုးတက်လာ



အီဂျစ်နိုင်ငံသည် ၎င်း၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့သည့် ဈေးကွက်ကို ချဲ့ထွင်လျက်ရှိရာ ဘရာဇီးနိုင်ငံသည် အလားအလာအကောင်းဆုံး ဖြစ်နိုင်သည့် ဈေးကွက်များ အနက်မှ တစ်ခုဖြစ်ကြောင်း EastFruit ၏ အဆိုအရသိရှိရပါသည်။ (၂၀၂၃)ခုနှစ်တွင် ဘရာဇီးနိုင်ငံသို့ အေးခဲ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့နိုင်မှုသည် (၂)ဆဖြစ်လာသဖြင့် အီဂျစ်နိုင်ငံမှ တင်ပို့သူများအနေဖြင့် ၎င်းတို့၏ ကုန်စည်အချို့အတွက် ခြေကုပ်ရယူနိုင်ခဲ့ကြခြင်းဖြစ်ပါသည်။

အီဂျစ်နိုင်ငံမှ ဘရာဇီးနိုင်ငံသို့ အေးခဲ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် များတင်ပို့မှုသည် လွန်ခဲ့သော(၅)နှစ်အတွင်း တင်ပို့နိုင်မှုထက် (၁၃)ဆကျော်မြင့်တက်လာခဲ့ကြောင်း၊ (၂၀၂၃)ခုနှစ်တွင် ဘရာဇီးနိုင်ငံသည် အီဂျစ်နိုင်ငံမှ အေးခဲ စတော်ဘယ်ရီ နှင့် ရှောက်သံပုရာများ (ကမ္ဗလာသီး နှင့် လိမ္မော်သီး)အပါအဝင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တန်ချိန်ပေါင်း (၃၁,၀၀၀)ကျော် တင်သွင်း ခဲ့ပါသည်။

(၂၀၂၃)ခုနှစ်တွင် အီဂျစ်မှ ဘရာဇီးသို့ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် ထုတ်ကုန်တင်ပို့မှု မြင့်တက်လာစေသည့် အဓိက အကြောင်းအရင်းမှာ အေးခဲ စတော်ဘယ်ရီများ တင်ပို့မှု မြင့်တက် လာခြင်းကြောင့် ဖြစ်ပါသည်။ (၂၀၂၂)ခုနှစ်တွင် တင်ပို့ခဲ့သည့် တန်ချိန်(၁၆,၀၀၀)နှင့် နှိုင်းယှဉ်ပါက (၇)ဆကျော် တိုးတက်လာပြီး ဘရာဇီးနိုင်ငံ တင်သွင်းကုန်ဈေးကွက်၏ (၈၆%)အထိ ဈေးကွက် ဝေစုကို စံချိန်တင်နိုင်ခဲ့ပါသည်။ အီဂျစ်မှ တင်ပို့ဖြန့်ချီသူများအနေဖြင့် ၎င်းတို့၏ ဈေးကွက်ပြိုင်ဖက် များဖြစ်သည့် တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ချီလီနှင့်အာဂျင်တီးနားကဲ့သို့သောနိုင်ငံများမှ စွမ်းဆောင်ရည်ထက် သာလွန်ခဲ့ပါသည်။

အီဂျစ်နိုင်ငံသည် ကမ္ဗလာသီးတန်ချိန်ပေါင်း (၁၂,၀၀၀) ပေးပို့နိုင်ခဲ့သဖြင့် ဘရာဇီးနိုင်ငံ၏ ဒုတိယအကြိမ် နှစ်စဉ်ဆက်တိုက် ကမ္ဗလာသီးတင်သွင်းသည့် ထိပ်တန်း ဖြန့်ချီသူဖြစ်လာခဲ့ပါသည်။ ၎င်း၏ အဓိကဈေးကွက်ယှဉ်ပြိုင်ဖက်များမှာ (၂၀၁၃)ခုနှစ်တွင် ဘရာဇီးနိုင်ငံသို့ တန်ချိန်(၈,၃၀၀)သာ တင်ပို့ခဲ့သည့် စပိန်နိုင်ငံ၊ တန်ချိန်(၄,၈၀၀)တင်ပို့ခဲ့သည့် ဥရုဂွေးနိုင်ငံ၊ တန်ချိန်(၁,၁၀၀) တင်ပို့ခဲ့သည့် ချီလီနိုင်ငံနှင့် တန်ချိန်(၁,၀၀၀)တင်ပို့ခဲ့သည့် အာဂျင်တီးနားနိုင်ငံတို့ ဖြစ်ပါသည်။ ဘရာဇီးနိုင်ငံသည် ကမ္ဗလာဖျော်ရည်ကို ကမ္ဘာထိပ်တန်းထုတ်လုပ်တင်ပို့သည့် နိုင်ငံဖြစ်သော်လည်း လတ်လတ်ဆတ်ဆတ် စားသုံးရန်အတွက် နှစ်စဉ် ကမ္ဗလာသီးတန်ချိန် (၂၀,၀၀၀-၃၀,၀၀၀) တင်သွင်းနေရဆဲ ဖြစ်ပါသည်။

အီဂျစ်နိုင်ငံသည် ဘရာဇီးနိုင်ငံသို့ ကမ္ဗလာသီးတင်ပို့မှုအပြင် လိမ္မော်သီးတန်ချိန် (၂,၁၀၀) အထိ တင်ပို့ခဲ့သဖြင့် (၂၀၂၃)ခုနှစ်တွင် (၅)ဆခွဲခန့် တိုးမြင့်တင်ပို့နိုင်ခဲ့သော်လည်း ယခင်နှစ်က ဘရာဇီးနိုင်ငံသို့ လိမ္မော်သီး တန်ချိန်(၅,၃၀၀) နှင့် တန်ချိန်(၄,၇၀၀) အသီးသီး တင်ပို့နိုင်ခဲ့သည့် ဥရုဂွေး နှင့် စပိန်ကဲ့သို့ လိမ္မော်သီး တင်ပို့ဖြန့်ချီသူများထက် နောက်ကျကျန်ရစ်နေသေးကြောင်းကို (၁၆. ၂. ၂၀၂၄) ရက်နေ့တွင် ဖြန့်ချီသည့်  www.freshplaza.com သတင်းအရ သိရှိရပါသည်။

Source https://www.freshplaza.com/north-america/article/9601235/frozen-strawberries-and-oranges-drive-egypt-s-export-growth-to-brazil/


တင်ပြသူ ဒေါ်နွေးနွေးအောင်၊  စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ