ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများ အလေးထားဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးပို့ကုန်တန်ဖိုး မြှင့်တင်

  • Wed, 13 March 2024

ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများ အလေးထားဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးပို့ကုန်တန်ဖိုး မြှင့်တင်



ဗီယက်နမ်နိုင်ငံသည် (2024)ခုနှစ်တွင် ပို့ကုန်တန်ဖိုးမြှင့်တင်ရန်နှင့် အဓိကလယ်ယာ ထွက်ကုန်များအတွက် စံချိန်သစ်တင်ရန် ကြိုးပမ်းနေချိန်တွင် ကျွမ်းကျင်ပညာရှင်များသည် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ဖန်တီးရန်အတွက် ပြုပြင် ထုတ်လုပ်သည့် လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် တိုက်တွန်းလျက်ရှိကြောင်း သိရှိရပြီး ငရုတ်ကောင်း လုပ်ငန်းသည် အဓိကသာဓကတစ်ခုဖြစ်ပါသည်။

ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်များအသင်း (VPSA)က ဗီယက်နမ် နိုင်ငံ၏ ငရုတ်ကောင်းတင်ပို့မှုသည်  (2024) ခုနှစ်တွင် အလားအလာရှိမည်ဟု ခန့်မှန်းထားပြီး ကမ္ဘာတစ်ဝှမ်းတွင် ထုတ်လုပ်မှုကျဆင်းခြင်းကြောင့် ဈေးနှုန်းများမြင့်တက်လာမည်ဟု ခန့်မှန်း ထားကြောင်း သိရှိရပါသည်။ 

VPSA အဖွဲ့က ဗီယက်နမ်၏ ငရုတ်ကောင်းထုတ်လုပ်မှုမှာ ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၁၆၀,၀၀၀ မှ ၁၆၅,၀၀၀ အထိ တစ်နှစ်ထက်တစ်နှစ် ၁၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းထားပြီး ကမ္ဘာတစ်ဝှမ်းတွင် ကျဆင်းမှုအနေဖြင့် အိန္ဒိယတွင် ၂၀ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားတွင် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းနှင့် ဘရာဇီးလ်တွင် ၁၅ ရာခိုင်နှုန်းတို့ ဖြစ်ပါသည်။

VPSA အဖွဲ့၏ ပြောကြားချက်အရ အဆိုပါကဏ္ဍသည် ပို့ကုန်တန်ဖိုးကို တိုးမြှင့်ရန်အတွက် ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိ ပြည်ပပို့ကုန်အတွက် စီမံဆောင်ရွက်ထားသော ငရုတ်ကောင်းထုတ်ကုန်များ၏ ပမာဏမှာ 30 ရာခိုင်နှုန်းမျှသာဖြစ်ပြီး သိသာထင်ရှားသော တိုးတက်မှုလိုအပ်ကြောင်း ညွှန်ပြလျက်ရှိကြောင်း သိရှိရပါသည်။ 

ငရုတ်ကောင်းဈေးနှုန်းများ မြင့်တက်မည်ဟု ခန့်မှန်းထားသော်လည်း အလယ်ပိုင်း ကုန်းမြင့်နှင့် အရှေ့တောင်ဒေသများတွင် ငရုတ်ကောင်းသည် ဒူးရင်းသီးကဲ့သို့သော အခြားသီးနှံ များနှင့် ယှဉ်ပြိုင်မှုပြင်းထန်လျက်ရှိပါသည်။ ၎င်းသည် စျေးနှုန်းအတက်အကျနှင့် စျေးကွက်စိန်ခေါ်မှု များကြားတွင် တောင်သူများအား ပို့ကုန်တန်ဖိုးတိုးစေရုံသာမက ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဦးစားပေးလုပ်ဆောင်ရန် အရေးကြီးကြောင်း မီးမောင်းထိုးပြလိုက်သည်ဟု VPSA ဥက္ကဋ္ဌ Hoàng Thị Liên က ပြောကြားခဲ့ပါသည်။

HCM City ရှိ ဗီယက်နမ်ငရုတ်ကောင်းနှင့် ကော်ဖီတင်ပို့ရောင်းချသူဖြစ်သည့် Phuc Sinh ကော်ပိုရေးရှင်း၏ ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌ Phan Minh Thong က ဗီယက်နမ်ကော်ဖီနှင့် ငရုတ်ကောင်းကဏ္ဍများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများတွင် အဆက်မပြတ်ရင်းနှီးမြှုပ်နှံမှု၏ အရေးပါသည့် အခန်းကဏ္ဍကို မီးမောင်းထိုးပြ ခဲ့ပါသည်။

ဗီယက်နမ် သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက်အသင်း (Vinafruit)၏ အထွေထွေ အတွင်းရေးမှူး Đặng Phúc Nguyên က အရှေ့တောင်အာရှနှင့် ကမ္ဘာတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှု အင်အားကြီးနိုင်ငံဖြစ်လာရန်အတွက် ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်း များတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းအပါအဝင် အခြားသောစီးပွားရေး ကဏ္ဍရပ်များကို မြှင့်တင်ရန်မှာ ဗီယက်နမ်အတွက် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

လက်ရှိတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်(၂၅%)ကိုသာ တင်ပို့နိုင်သော်လည်း ခိုင်မာ သော ပို့ကုန်ဈေးကွက်များရှိသည့် နိုင်ငံများတွင် (၅၀%)အထိ တင်ပို့နိုင်ရန် အလားအလာ ရှိကြောင်း သိရှိရပါသည်။

Nguyên ၏ ပြောကြားချက်အရ ဗီယက်နမ်တွင် ထောင်ပေါင်းများစွာသော စီးပွားရေး လုပ်ငန်းရှင်များသည် ၎င်းတို့၏ လုပ်ငန်းများကို များစွာဆောင်ရွက်လျက်ရှိသော်လည်း အသေးစား လုပ်ငန်းအဖြစ်သာ လုပ်ကိုင်လျက်ရှိကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေး လုပ်ဆောင် ရန်လိုအပ်ပြီး ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရေးအတွက် အထူးယန္တရားများ ထားရှိရန် လိုအပ်ပါသည်ဟု သိရှိရပါကြောင်း (၄.၃.၂၀၂၄)ရက်နေ့တွင် ထုတ်ဝေ ခဲ့သော Einnews ကွန်ရက်ဆောင်းပါးအရ သိရှိရပါသည်။


Source https://www.einnews.com/pr_news/693140621/deep-processing-enhance-agricultural-export-value-experts

တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ခုနှစ်၊ မတ်လ (၁၃) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ