အမေရိကန်ပြည်ထောင်စု၏ စိုက်ပျိုးရေးကုန်သွယ်မှုလိုငွေပြမှုအပေါ် အထက်လွှတ်တော်အမတ်များ စိုးရိမ်ပူပန်

  • Fri, 22 March 2024

အမေရိကန်ပြည်ထောင်စု၏ စိုက်ပျိုးရေးကုန်သွယ်မှုလိုငွေပြမှုအပေါ် အထက်လွှတ်တော်အမတ်များ စိုးရိမ်ပူပန်


လွန်ခဲ့သည့်ဆယ်စုနှစ် (၂)ခုအတွင်း အမေရိကန်ပြည်ထောင်စုသည် စိုက်ပျိုးရေးပို့ကုန်နှင့် သွင်းကုန်များ သိသိသာသာ တိုးလာခဲ့ပါသည်။ (၂၀၁၃)ခုနှစ်နှင့် (၂၀၂၃)ခုနှစ်အတွင်း လယ်ယာထွက်ကုန်တင်ပို့မှုသည် နှစ်စဉ်(၂.၁%) မြင့်တက်လာခဲ့ပြီး သွင်းကုန်ပမာဏမှာလည်း(၅.၈%)မြင့်တက်ခဲ့ပါသည်။ (၂၀၂၂)ခုနှစ်တွင် စိုက်ပျိုးရေးကုန်သွယ်မှုကမ္ဘာ့ဒုတိယအကြီးဆုံးဖြစ်သည့် အမေရိကန်ပြည်ထောင်စု၏ စုစုပေါင်းလယ်ယာထွက်ကုန်တင်ပို့မှုသည်အမေရိကန်ဒေါ်လာ(၁၉၆)ဘီလီယံအထိရှိခဲ့ပါသည်။ကုန်သွယ်ရေးနှင့် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်များ ညှိနှိုင်းရာတွင် နည်းပညာဆိုင်ရာ အတားအဆီးများကို ဖယ်ရှားခဲ့သော်လည်း အမေရိကန်၏ လယ်ယာထွက်ကုန်တင်ပို့မှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ဒေါ်လာ (၁၇)ဘီလီယံကျော်ကျဆင်းခဲ့ပြီး လိုငွေပြမှုသည် (၂၀၂၄)ဘဏ္ဍာနှစ်တွင် ဒေါ်လာ (၃၀.၅)ဘီလီယံအထိ စံချိန်တင်ရောက်ရှိနိုင်ကြောင်းခန့်မှန်းထားပါသည်။ North and South Dakota အပါအဝင် နဝမမြောက် Federal Reserve Districtသည် ပြောင်းနှင့်ပဲပုပ်ကဲ့သို့သော ပို့ကုန်များ တင်ပို့မှုကို ငြင်းပယ်ခံရသောကြောင့် (၂၀၂၃)ခုနှစ်တွင် ပို့ကုန်တင်ပို့မှု (၂၅%) ကျဆင်းခဲ့ရသဖြင့် ထိခိုက်နစ်နာမှုများစွာ ဖြစ်ခဲ့ရပါသည်။၎င်းကျဆင်းမှုသည်အမေရိကန်ပို့ကုန်ကွင်းဆက်တစ်လျှောက်ရှိအမေရိကန်အလုပ်သမားများ၊ တောင်သူများ၊မွေးမြူရေးသမားများနှင့်သန်းနှင့်ချီသောအလုပ်အကိုင်များအတွက် ဆိုးကျိုးများဖြစ်စေပါသည်။ အမေရိကန်အထက်လွှတ်တော်အမတ် Kevin Cramer (R-ND) သည် အမေရိကန်အထက်လွှတ်တော်အမတ် John Thune (R-SD) နှင့်ပူးပေါင်းပြီး စိုက်ပျိုးရေး၀န်ကြီး Tom Vilsack နှင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Katherine Tai တို့ထံ စာတစ်စောင်ပေးပို့ရာလယ်ယာထွက်ကုန်ကုန်သွယ်မှုတွင် လိုငွေပြနေခြင်းအပေါ် စိုးရိမ်ကြောင်းဖော်ပြခဲ့ပါသည်။ အဆိုပါစာ၌(၂၀၂၄)ခုနှစ်တွင် အမေရိကန်လယ်ယာထွက်ကုန်တင်ပို့မှုတိုးမြှင့်ရန်အစီအစဉ်နှင့် (၂၀၂၄)ခုနှစ်တွင် စိုက်ပျိုးရေးထွက်ကုန်များအတွက် ကမ္ဘာ့စျေးကွက်ပိုမိုရရှိရန် နိုင်ငံများနှင့် ကုန်သွယ်မှုသဘောတူညီချက်အသစ်များရယူရန် ရည်ရွယ်ခြင်းရှိမရှိကို Biden အုပ်ချုပ်ရေးအဖွဲ့အား တောင်းဆိုထားပါသည်။လက်ရှိ အမေရိကန်လယ်ယာထွက်ကုန်တင်ပို့မှု သိသိသာသာကျဆင်းလာခြင်းသည် စျေးကွက်ဝင်ရောက်ခွင့်ကိုချဲ့ထွင်ရန် သို့မဟုတ် ကုန်သွယ်မှုအတွက် အကောက်ခွန်မဲ့အတားအဆီးများကို လျှော့ချရန် ပျက်ကွက်နေသောရည်မှန်းချက်မရှိသည့် အမေရိကန် ကုန်သွယ်ရေးဗျူဟာနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်းအထက်လွှတ်တော်အမတ်များက ရေးသားခဲ့ပါသည်။နိုင်ငံတကာကုန်သွယ်မှုသည် အမေရိကန်၏ စိုက်ပျိုးရေးလုပ်ငန်း ဆက်လက်အောင်မြင်ရန်အတွက် အရေးကြီးကြောင်းရေးသားခဲ့ပါသည်။ အမေရိကန်စက်မှုလုပ်ငန်းများနိုင်ငံခြားစိုက်ပျိုးရေးဈေးကွက်များသို့ ဝင်ရောက်မှုလျော့နည်းလာခြင်းသည် သိသာထင်ရှားသော စီးပွားရေးကိုဦးတည်စေပြီး ပို့ကုန်ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက် အမေရိကန်အလုပ်သမား၊ လယ်သမားများနှင့် မွေးမြူရေးအလုပ်သမားတစ်သန်းကျော်၏ အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေကြောင်းရေးသားခဲ့ပါသည်။အမေရိကန်လယ်ယာထွက်ကုန်တင်ပို့မှု ဆက်တိုက်ကျဆင်းလာခြင်းသည် ရှောင်လွှဲ၍မရသလို လက်ခံနိုင်စရာမရှိကြောင်း အထက်လွှတ်တော်အမတ်များက နိဂုံးချုပ်ခဲ့ပြီး၎င်းသည် ရေရှည်မဖြစ်စေရန် Biden အုပ်ချုပ်ရေးအဖွဲ့ကချက်ချင်းအရေးယူရန်လိုကြောင်း (၁၃.၃.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သောcramer.senate website ၏ သတင်းဆောင်းပါးအရသိရှိရပါသည်။

Source https://www.cramer.senate.gov/news/press-releases/senators-express-concerns-over-united-states-agricultural-trade-deficit

တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ခုနှစ်၊ မတ်လ (၁၅) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ