ဥဇဘက်ကစ္စတန်သည် သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုကို အရှိန်အဟုန်မြှင့် ကြိုးပမ်း

  • Thu, 28 March 2024

ဥဇဘက်ကစ္စတန်သည် သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုကို အရှိန်အဟုန်မြှင့် ကြိုးပမ်း


ကမ္ဘာ့ဈေးကွက်၌ နေရာတစ်ခု အခိုင်အမာရရှိစေရန်အတွက် ဥဇဘက်ကစ္စတန်သည် သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက်ထွက်ကုန်များ တင်ပို့မှု ပိုမိုမြင့်မားလာရေးအတွက် အရှိန် မြှင့်တင်ကာ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ဥဇဘက်ကစ္စတန်နိုင်ငံသည် ယမန်နှစ်က စပျစ်သီး၊ ချယ်ရီသီး၊ မက် မွန်သီး၊ စွန်ပလွန်သီး၊ တရုတ်ဆီးသီး၊ ဆီးသီး၊ သင်္ဘောသဖန်းသီး၊ သလဲသီး၊ ဗာဒံစေ့နှင့် ပဲအမျိုးမျိုး ကဲ့သို့သော သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် တန်ချိန်ပေါင်း (၂၃)သန်းကို ခူးဆွတ် ရိတ်သိမ်းနိုင်ခဲ့သည့်အတွက် ယခုကာလတွင်လည်း စိုက်ပျိုးရေးဆိုင်ရာ အခွင့် အလမ်းကောင်းများစွာကို ဖန်တီး ဆောင်ရွက်လိုကြပါသည်။

ဥဇဘက်ကစ္စတန်နိုင်ငံသည် ထုတ်လုပ်မှုစွမ်းရည် ကြီးကြီးမားမားရှိသော်လည်း ၎င်း၏ ထုတ်လုပ်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရ ပါသည်။ (၂၀၂၃) ခုနှစ်တွင် သြစတြေးလျ၊ နယူးဇီလန်၊ စင်္ကာပူ၊ ကိုလံဘီယာ နှင့် အင်ဒိုနီးရှား အပါအဝင် ဈေးကွက်သစ် (၁၀)ခုကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံပေါင်း (၈၅) နိုင်ငံသို့ ကုန်သွယ်တင်ပို့လျက် ရှိသည့်အနက် အဓိကတင်ပို့သည့်နိုင်ငံ (၅)နိုင်ငံမျှသာ ရှိပါသည်။

ဥဇဘက်ကစ္စတန်သည် ယမန်နှစ်က နိုင်ငံပေါင်း (၅၂)နိုင်ငံသို့ စပျစ်သီးတန်ချိန် (၁၂၆,၀၀၀) တင်ပို့ခဲ့သော်လည်း တန်ချိန် (၉၈,၀၀၀)နီးပါးကို တစ်ကီလိုလျှင် (၁)ဒေါ်လာအောက် ဈေးနှုန်းဖြင့်သာ ရောင်းချခဲ့ရသည်။ အခြားသစ်သီးဝလံများ၌လည်း အလားတူဖြစ်ရပ်များ ကြုံတွေ့ခဲ့ရသဖြင့် မဟာဗျူဟာမြောက် စျေးကွက်ခွဲဝေမှု နှင့် သင့်တင့်သောဈေးနှုန်းရရှိရန် လိုအပ်ကြောင်း ညွှန်ပြနေပါသည်။ 

သမ္မတ Shavkat Mirziyoyev သည် မကြာသေးမီက ညီလာခံတစ်ခုအတွင်း ဈေးကောင်း ရရန် ပစ်မှတ်ထားသည့်ဈေးကွက်သည် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပါသည်။

ထို့အပြင် ပြည်ပမှ စားသုံးသူများ၏ ယုံကြည်မှုကို ထိခိုက်စေသည့် အရည်အသွေးဆိုင်ရာ စိုးရိမ်မှုများကိုဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဓာတ်ခွဲခန်း များကို အသိအမှတ်ပြုခြင်း၊ Tashkent တွင် ရည်ညွှန်းဓာတ်ခွဲခန်းတစ်ခု တည်ထောင်ခြင်း နှင့် ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ နှင့် ကနေဒါ ကဲ့သို့ အဓိကပို့ကုန် စျေးကွက်များမှ အရည်အသွေး ဆိုင်ရာ လိုအပ်ချက်များကို အကောင်အထည်ဖော်ခြင်း စသည့် အစီအစဉ်များ ပါဝင်သည်။

တပြိုင်တည်း၌ပင် ဥဇဘက်ကစ္စတန်သည် ၎င်း၏စိုက်ပျိုးရေးစွမ်းရည်ကို ပြသရန်အတွက် အဓိက အရေးပါသော နည်းလမ်းဖြစ်သော နိုင်ငံတကာပြပွဲများတွင် ပါဝင်သည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအား ပံ့ပိုးကူညီရန် ကြိုးပမ်းလျက်ရှိပါသည်။ လုပ်ငန်းအဆင့် သတ်မှတ်ချက်များ အပေါ် အခြေခံ၍ ပြန်လည် ချီးမြှင့်မည့်အစီအစဉ်များမှတဆင့် အစိုးရသည် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး ဆောင်ရွက်ပြီး နိုင်ငံ၏သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုကဏ္ဍကို ကမ္ဘာ့ အဆင့်မီ မြှင့်တင်ရန် ရည်မှန်းထားကြောင်း (၂၁. ၃. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် သတင်း ဆောင်းပါးအရ သိရှိရပါသည်။


Source https://www.freshplaza.com/europe/article/9610980/uzbekistan-boosts-fruit-and-vegetable-export-efforts/


တင်ပြသူ         ဒေါ်နှင်းရီဝင်း၊  စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ         ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆)ရက်

စစ်ဆေးသူ         ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန





ဆက်စပ် သတင်းများ