အီဂျစ်ကြက်သွန်ဖြူဈေးနှုန်းသည် သီးနှံရာသီကာလအတွင်းဆက်လက်မြင့်တက်နေဖွယ်ရှိ

  • Thu, 4 April 2024

အီဂျစ်ကြက်သွန်ဖြူဈေးနှုန်းသည် သီးနှံရာသီကာလအတွင်းဆက်လက်မြင့်တက်နေဖွယ်ရှိ


အီဂျစ်ကြက်သွန်ဖြူဈေးနှုန်းများမှာ အထွက်နှုန်းနည်းခြင်း၊ ဝယ်လိုအားမြင့်မားခြင်းနှင့် ဒေသသုံး ငွေတန်ဖိုးမြင့်တက်ခြင်းတို့ကြောင့် သီးနှံရာသီစချိန်ကာလမှာပင် ဈေးနှုန်းများ ဆက်လက် မြင့်တက် လျက် ရှိပါသည်။အဓိကအကြောင်းအရင်းဖြစ်သော စိုက်ဧက သိသိသာသာ ကျဆင်းသွားသည့်အတွက် ကြက်သွန်ဖြူ ဈေးနှုန်းသည် ယခင်ရာသီထက် ပိုမိုမြင့်တက်လျက်ရှိကြောင်း၊ ယခုရာသီတွင် ကြက်သွန်ဖြူ စိုက်ပျိုးသူ အများစုသည် ကြက်သွန်နီ စိုက်ပျိုးခြင်းကို ပိုမိုဦးစားပေးပါကြောင်း၊ တစ် ကမ္ဘာလုံးနှင့် ပြည်တွင်း ကြက်သွန်နီဝယ်လိုအား များပြားမှုကြောင့် ၎င်းတို့၏မူလဈေးနှုန်းထက် (၃)ဆ နီးပါးပိုမိုရရှိစေပါကြောင်း E2M ၏ CEO ဖြစ်သူ Mina Anthony က ပြောကြားခဲ့ပါသည်။ရောင်းလိုအားနည်းပါးခြင်းသည် ဝယ်လိုအားကို ပိုမိုတိုးမြင့်စေပါသည်။ ကနေဒါ၊ အမေရိကန်၊ သြစတြေးလျနှင့် ဘရာဇီးကဲ့သို့သော နိုင်ငံများမှာ ယခုနှစ်ရာသီတွင် ဝယ်လိုအား အလွန် ကောင်းမွန် လျက် ရှိပါကြောင်း၊ ထိုင်ဝမ်သည် အီဂျစ်မှ လျှော့ဈေးဖြင့်ရရှိရန် မျှော်လင့်ထားမှုကြောင့် ယခုနှစ် ရာသီတွင် ဝယ်လိုအား အနည်းငယ်နည်းပါးလျက်ရှိပါသည်။ဈေးနှုန်းများ မြင့်တက်လာစေသည့် အခြားတစ်ချက်မှာ ဒေါ်လာနှင့်ယှဉ်၍ အီဂျစ်ပေါင် တန်ဖိုး တက်လာကြောင်း Anthony က ပြောပါသည်။ အချိန်ကြာမြင့်စွာ ငွေကြေးနှုန်းထား သိသိသာသာ လျော့ကျပြီးနောက် အီဂျစ်ပေါင်ငွေကြေးသည် တန်ဖိုးတက်လာပါသည်။ နှစ်စတွင် အမေရိကန် တစ်ဒေါ်လာအတွက် အီဂျစ်ပေါင် (၇၀)ရှိခဲ့ရာမှ ယခုအချိန်တွင် အမေရိကန် တစ် ဒေါ်လာကို အီဂျစ်ပေါင် (၄၈)ပေါင်ဖြင့် လဲလှယ်လျက်ရှိပါသည်။ပြီးခဲ့သောရာသီအစတွင် ကြက်သွန်ဖြူတစ်ကီလိုဂရမ်လျှင် ပျမ်းမျှဈေးနှုန်းသည် (၁.၁) ဒေါ်လာရှိခဲ့ရာမှ ယခုအချိန်တွင် (၁.၆)ဒေါ်လာအထိ မြင့်တက်လာပြီး (၄၅%)ထိ မြင့်တက်လာ ပါသည်။ ကြက်သွန်ဖြူသည် ခြောက်သွေ့လာပါက အလေးချိန်ထက်ဝက်လျော့သွားသောကြောင့် ကြက်သွန်ဖြူအခြောက်ဈေးနှုန်းမှာ သီးနှံရာသီနောက်ပိုင်း ဆက်လက်မြင့်တက်နေမည်ဖြစ်ကြောင်း၊ အဆိုပါ အချက်များကြောင့် ရာသီပေါ်ကာလတစ်လျှောက်လုံး၌ ဈေးနှုန်းများ ဆက်လက်မြင့်တက် လာရန် မျှော်လင့်ထားပါသည်ဟု အန်တိုနီက ပြောခဲ့ကြောင်း (၂၈. ၃. ၂၀၂၄)ရက်နေ့တွင် ထုတ်ဝေ ခဲ့သော  Fresh Plaza ကွန်ရက်၏ ဆောင်းပါးအရသိရှိရပါသည်။

Source https://www.freshplaza.com/north-america/article/9612972/egyptian-garlic-prices-will-continue-to-rise-for-the-entire-season/

တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ခုနှစ်၊မတ်လ (၃၀) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန





ဆက်စပ် သတင်းများ