ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုအခြေအနေ (၇)နှစ်အတွင်း သိသိသာသာ ကျဆင်း

  • Thu, 23 March 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုအခြေအနေ (၇)နှစ်အတွင်း သိသိသာသာ ကျဆင်း


ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ နှင့် တာရှည်ခံ စားသောက်ကုန်ခြောက်များ အပါအဝင် လယ်ယာထွက်ကုန်များ တင်ပို့မှုအခြေအနေသည် လက်ရှိဘဏ္ဍာရေးနှစ်၏ ပထမ (၈)လအတွင်း (၂၆.၉၆%) ကျဆင်းခဲ့ပြီး ထိုသို့ကျဆင်းမှုသည် (၇)နှစ်အတွင်း အသိသာဆုံး ကျဆင်းခြင်းဖြစ်ကြောင်း တရားဝင် ကိန်းဂဏန်းအချက်အလက်များအရ သိရှိရပါသည်။

(၂၀၂၂-၂၃)ဘဏ္ဍာရေးနှစ်၏ ဇူလိုင်လမှ ဖေဖော်ဝါရီလအတွင်း လယ်ယာထွက်ကုန် ပစ္စည်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၆၂၃.၁၈)သန်း ဝင်ငွေရရှိခဲ့ပြီး (၂၀၂၁-၂၂)ဘဏ္ဍာရေး နှစ်၏ အလားတူကာလတွင် တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၈၅၃)သန်းဖြစ်ကြောင်း ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဌာန (EPB)၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

လယ်ယာထွက်ကုန်တင်ပို့မှုကျဆင်းခြင်းသည် (၇)နှစ်အတွင်း အဆိုးရွားဆုံး ကျဆင်းမှု ဖြစ်ကြောင်း၊ (၂၀၂၁-၂၂)ဘဏ္ဍာရေးနှစ်၏ ဇူလိုင်လမှ ဖေဖော်ဝါရီလတွင် (၂၈.၃၆%) မြင့်တက် ခဲ့ကြောင်း၊ တင်ပို့မှုများ ထိုကဲ့သို့ သိသိသာသာ ကျဆင်းသွားခြင်းသည် လယ်ယာထွက်ကုန် များအား ပြင်ပဈေးကွက်တွင် ရောင်းချခြင်းမှ တိုးပွားရရှိလာသည့် ဘင်္ဂလားဒေ့ရှ်၏ ဝင်ငွေကို ထိခိုက်စေမည့် အလားအလာနှင့် ရင်ဆိုင်ရစေကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များသည် အမေရိကန် ဒေါ်လာ (၁.၀၃)ဘီလီယံတင်ပို့ခဲ့ရာ (၂၀၂၀-၂၁)ခုနှစ်၌ ပထမဦးဆုံးအကြိမ် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ (၁)ဘီလီယံထက်ပင် ကျော်လွန်သွားခဲ့ကြောင်း၊ ဤသို့အားဖြင့် ဝင်ငွေ ရရှိမှုသည် အမေရိကန်ဒေါ်လာ (၁.၁၆)ဘီလီယံအထိ ဆက်လက်မြင့်တက် လာခဲ့ပြီးနောက် နောင်လာမည့် ဘဏ္ဍာရေးနှစ်အထိပင် အရှိန်အဟုန်ဖြင့် ဆက်လက်မြင့်တက်လာစေခဲ့ကြောင်း EPB၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

ကုန်ကြမ်းစရိတ်များမြင့်တက်နေခြင်း နှင့် ဘင်္ဂလားဒေ့ရှ်မှကုန်ပစ္စည်းများအား ဈေးနှုန်း ကျဆင်းရန် အလားအလာများနေသည့်အတွက် ၀ယ်ယူရန် တွန့်ဆုတ်နေကြခြင်းတို့အပေါ် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဝေဖန်ပြစ်တင်လျက်ရှိနေကြပါသည်။

ကုန်စည်ပို့ဆောင်ခနှင့်သယ်ယူစရိတ်များ မြင့်မားမှုတို့ကြောင့် ဒေသခံပို့ကုန်လုပ်ငန်း ရှင်များ ကိုယ်တိုင်ပင်လျှင် လတ်ဆတ်သော လယ်ယာထွက်ကုန်များအား ပြည်ပဈေးကွက်၌ ရောင်းချရန် စိတ်ဝင်စားမှု နည်းပါးလျက်ရှိကြောင်း ၎င်းတို့က ပြောကြားခဲ့ပါသည်။

ကုန်ကြမ်းဈေးနှုန်း မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာရသည့် ဈေးနှုန်းအသစ်ကို ဝယ်လက်များက သဘောမတူကြကြောင်း၊ ၎င်းတို့၏ ဈေးနှုန်းများသည် အခြားပြိုင်ဖက် နိုင်ငံများထက် များစွာမြင့်တက်နေသောကြောင့် စျေးကွက်အတွင်း ယှဉ်ပြိုင်နိုင်ခြင်းမရှိပဲ ဈေးကွက်များစွာ ဆုံးရှုံးနေရကြောင်း၊ အမြတ်အစွန်းလဲ နည်းပါးသွားရကြောင်းကို Kazi Food Industries Limited ၏ ပို့ကုန်ဆိုင်ရာ လက်ထောက်အထွေထွေမန်နေဂျာဖြစ်သူ Mohammad Shahadat Hossain က ပြောကြားခဲ့ပါသည်။

ဆော်ဒီအာရေဗျ၊ အီတလီ၊ ပြင်သစ်၊ ဗြိတိန်နှင့် အိုင်ယာလန်အပါအဝင် နိုင်ငံပေါင်း (၁၂)နိုင်ငံသို့ အေးခဲဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့်ပြုပြင်မွမ်းမံထားသော စားသောက် ကုန်များကို တင်ပို့ရောင်းချခဲ့ကြောင်း၊ ၎င်းတို့ထုတ်ကုန်၏ အရည်အသွေးသည် အခြား ပြိုင်ဘက် ထုတ်ကုန်များထက် ပိုမိုကောင်းမွန်ပါသော်လည်း စျေးနှုန်းမြင့်တက်နေသဖြင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် ဘင်္ဂလားဒေ့ရှ်အနေဖြင့် နောက်ကျနေရခြင်းဖြစ်ကြောင်း Hossain က ဆက်လက်ပြောကြားခဲ့ပါသည်။

Need Agro Foods Limited ၏ လုပ်ငန်းရှင်ဖြစ်သူ Mizanur Rahman ၏ ပြောကြားချက်အရ ထုတ်လုပ်မှု ကုန်ကျစရိတ် (၃၅%)တိုးလာသဖြင့် စျေးနှုန်းအသစ်ကို ဝယ်သူများထံ ပို့သည့်အခါ ၎င်းတို့သည် ကုန်ပစ္စည်းဝယ်ယူရန် မှာယူလိုခြင်းမရှိကြတော့ သဖြင့် ရောင်းအားကျဆင်းခဲ့ရကြောင်း သိရှိရပါသည်။

Need Agro Foods သည် ကာတာနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ မုန့်ဖုတ်ပစ္စည်း များနှင့် ဟင်းခတ်အမွှေးအကြိုင်များ တင်ပို့လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံကဲ့သို့ ပြိုင်ဘက်နိုင်ငံ များသည် ကုန်ပစ္စည်းရောင်းချရာတွင် ဘင်္ဂလားဒေ့ရှ်ကုမ္ပဏီများမှ အဆိုပြုသည့်ဈေးနှုန်းထက် များစွာလျော့နည်းသည့် ဈေးနှုန်းဖြင့်ရောင်းချနိုင်ကြောင်း၊ ပါကစ္စတန်နိုင်ငံသည်ပင် ဘင်္ဂလား ဒေ့ရှ်ထက် များစွာလျော့နည်းသောဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။

ပို့ကုန်လုပ်ငန်းရှင်အချို့သည် အစိုးရ၏ အားပေးဆွဲဆောင်မှုများမှ အကျိုးအမြတ် ပိုမိုရယူနိုင်ရန်အတွက် ၎င်းတို့၏ စာရွက်စာတမ်းများတွင် ပိုမိုမြင့်မားသော ပြေစာများကို ပြသလေ့ရှိကြောင်း၊ အဆိုပါကိစ္စပြီးလျှင် အစိုးရမှ သတိပေးစာရောက်ရှိလာသောကြောင့် အလွဲသုံးစားမှုများ လျော့ကျသွားခဲ့ရကြောင်း၊ ၎င်းသည်ပင် ပို့ကုန်ကျဆင်းရခြင်း၏  အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်နိုင်ကြောင်း ပို့ကုန်ကဏ္ဍဦးတည်သည့် ကုမ္ပဏီတစ်ခုမှ ထိပ်တန်း အရာရှိတစ်ဦးဖြစ်သူက ပြောကြားခဲ့ပါသည်။

အစိုးရသည် လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုအတွက် (၂၀%)မက်လုံးပေးထား ကြောင်း၊ ကုန်စည်ပို့ဆောင်ရေးစရိတ်များ မြင့်တက်လာကြောင်း၊ အဓိကအားဖြင့် အရှေ့ အလယ်ပိုင်းမှ တင်သွင်းသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လတ်ဆတ်သော လယ်ယာ ထွက်ကုန်များကို ဝယ်ယူရန် စိတ်ဝင်စားမှု နည်းပါးနေကြောင်း၊ လေကြောင်းလိုင်းများမှ ကုန်စည်သယ်ယူ ပို့ဆောင်စရိတ်များသည် လွန်ခဲ့သည့်(၆)လအတွင်းမှစ၍ အထိန်းအကွပ်မဲ့စွာ မြင့်တက်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် (၁)နှစ်တာကာလအတွင်း လေကြောင်းလိုင်း သယ်ယူ ပို့ဆောင်ရေး ကုန်ကျစရိတ်သည် (၄၀%)အထိ မြင့်တက်လာခဲ့ကြောင်း စသည်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် မဟာမိတ်ထုတ်ကုန်များ တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌဖြစ်သူ SM Jahangir Hossain ၏ ပြောကြားချက်များအား (၁၆. ၃. ၂၀၂၃)နေ့တွင် ထုတ်ပြန်သည့် The Daily Star သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source    https://www.thedailystar.net/business/economy/news/agri-export-suffers-sharpest-decline-7-years-3272516

တင်ပြသူ    ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ မတ်လ(၂၂) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ