အိန္ဒိယအစိုးရသည် ယခုဘဏ္ဍာနှစ်၏ ဧပြီလမှ ဇန်နဝါရီလအတွင်း ရူပီး(၁၁,၇၂၈.၃၆)ကုဋေတန်ဖိုးရှိ ဂျုံတင်ပို့

  • Thu, 23 March 2023

အိန္ဒိယအစိုးရသည် ယခုဘဏ္ဍာနှစ်၏ ဧပြီလမှ ဇန်နဝါရီလအတွင်း ရူပီး(၁၁,၇၂၈.၃၆)ကုဋေတန်ဖိုးရှိ ဂျုံတင်ပို့


ယခုဘဏ္ဍာရေးနှစ် ဧပြီလမှ ဇန်နဝါရီလအတွင်း ရူပီး(၁၁၇၂၈.၃၆)ကုဋေ တန်ဖိုးရှိ ဂျုံများ တင်ပို့နိုင်ခဲ့ကြောင်း အစိုးရက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်မေလတွင် အစိုးရက ပြည်တွင်းလိုအပ်ချက်ဖူလုံစေရန်နှင့် ဈေးနှုန်းကို ထိန်းချုပ်ရန်အတွက် ဂျုံတင်ပို့မှုကို တားမြစ်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်သို့ စာဖြင့် ဖြေကြားရာတွင် စိုက်ပျိုးရေးဝန်ကြီး Narendra Singh Tomar က လက်ရှိတွင် စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ သက်သာချောင်ချိရေး ဦးစီးဌာနအနေဖြင့် ဂျုံတင်ပို့မှု ကန့်သတ်ချက်ကို ရုတ်သိမ်းရန် အဆိုပြုမှုမရှိသေးကြောင်း သိခဲ့ရသည်။

ဂျုံတင်ပို့မှုအခြေအနေမှာ လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် (၂၀၂၃)ခုနှစ် ဇန်နဝါရီလအထိ ရူပီး (၁၁,၇၂၈.၃၆) ကုဋေတန်ဖိုး တင်ပို့ပြီးဖြစ်ကြောင်း၊ အစိုးရကဂျုံတင်ပို့မှုကို ပိတ်ပင်ထား သော်လည်း သင်္ဘောဖြင့် ဂျုံတင်ပို့မှုကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ (၂၀၂၂-၂၃)ခုနှစ် စိုက်ပျိုး ရာသီအတွက် ဒုတိယအကြိုခန့်မှန်းချက်အရ နိုင်ငံ၏ ဂျုံထွက်ရှိမှုမှာ တန်ချိန် (၁၁၂.၁၈)သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားရာ (၂၀၂၁-၂၀၂၂)သီးနှံနှစ် (ဇူလိုင်-ဇွန်)တွင် ရရှိသည့် ထုတ်လုပ်မှု ထက် တန်ချိန် (၄.၄၄)သန်း ပိုများနေကြောင်း Tomar က ဆက်လက်ပြောကြားခဲ့ပါသည်။

အိန္ဒိယမြောက်ပိုင်းလွင်ပြင်၌ (၂၀၂၃)ခုနှစ် ဖေဖော်ဝါရီလတွင် ဒေသအများစု၌  အမြင့် ဆုံးအပူချိန်သည် (၃၂-၃၃)ဒီဂရီစင်တီဂရိတ် ဝန်းကျင်တွင်ရှိပြီး ဂျုံပင်များ၏ အပူချိန်သည် ရေသွင်းပေးခြင်းအားဖြင့် လေထုအပူချိန်ထက် (၂-၃) ဒီဂရီစင်တီဂရိတ် အလွယ်တကူထိန်းညှိ နိုင်သောကြောင့် ဂျုံစေ့ကြီးထွားမှုကို ဆိုးရွားစွာထိခိုက်နိုင်ဖွယ် မရှိနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံ အလယ်ပိုင်းနှင့် ကျွန်းဆွယ်ပိုင်းတို့တွင် အပူချိန်သည် မြောက်ပိုင်းလွင်ပြင်နှင့် နှိုင်းယှဉ်လျှင် အမြဲတမ်းမြင့်မားနေမည်ဖြစ်ပြီး သီးနှံကြီးထွားမှုကာလတစ်လျှောက် သဘာဝအတိုင်း ပြုပြင် ထိမ်းညှိပေးနေသည့်အတွက် ဤဒေသ၏ အပူချိန်မှာ (၃၅)ဒီဂရီစင်တီဂရိတ်အထိ ရှိသော်လည်း ဂျုံအထွက်နှုန်းကို ဆိုးရွားစွာ ထိခိုက်စေမည်မဟုတ်ကြောင်း သီးခြားမေးခွန်းတစ်ခု အတွက် Tomar က ဖြေကြားခဲ့ပါသည်။

ICAR နှင့် IIWBR(အိန္ဒိယဂျုံသုတေသနဌာန)မှ ပြုလုပ်သောစစ်တမ်းများအပေါ် အခြေခံ၍ Karnalရှိ ပြည်နယ်စိုက်ပျိုးရေးတက္ကသိုလ်များ (SAUs) နှင့် Krishi Vigyan Kendra (KVKs)တို့ ပူးပေါင်း၍ ဂျုံသီးနှံအခြေအနေသည် ပုံမှန်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပါသည်။

ICAR၏ သိပ္ပံပညာရှင်များသည် လိုအပ်သည့်အချိန်တွင် သီးနှံပင်များ၏ အပူချိန်ကို စိတ်ကြိုက် ချိန်ညှိနိုင်စေရန် အသေးစား ရေပေးသွင်းခြင်းဆိုင်ရာ အကြံပေးချက်ကို ထုတ်ပြန် ခဲ့ကြောင်း၊ ICAR-IIWBR က တောင်သူများကို အပတ်စဉ်အကြံပေးချက်များ ထုတ်ပြန်ပြီး ယင်းအချက်အလက်များကို ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ KVK နှင့် SAU တို့ထံ ဆက်လက် ဖြန့်ဝေထားကြောင်း၊ အကြံပေးချက်များကို ဝက်ဘ်ဆိုဒ်များနှင့် Facebook တို့တွင်လည်း ပုံမှန်တင်သည့်အပြင် WhatsApp အုပ်စုမှတဆင့် သက်ဆိုင်သူများထံသို့ပါ ဖြန့်ဝေထား ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။

ဗဟိုနှင့် ပြည်နယ်အစိုးရများမှ  ICAR/SAU များနှင့်အတူ တိုးချဲ့ပညာပေးအေဂျင်စီများ အားလုံးသည် တောင်သူများ၏ လယ်ကွင်းများသို့ ပုံမှန်သွားရောက်ကာ တောင်သူများအား အချိန်နှင့်တစ်ပြေးညီ အကြံဉာဏ်များပေးလျက်ရှိသော်လည်း အပူရှိန်ပြင်းထန်သည့် နေရာ များတွင် ဆိုးရွားသော သက်ရောက်မှုများရှိနိုင်သေးသည်ဟု ဝန်ကြီးက ပြောကြားခဲ့ကြောင်း ကို (၁၄. ၃. ၂၀၂၃) ရက်နေ့က ဖတ်ရှုခဲ့ရသည့် The Economic Times သတင်း ဆောင်းပါး မှတဆင့် သိရှိခဲ့ရပါသည်။

Source    https://economictimes.indiatimes.com/news/economy/foreign-trade/india-exports-wheat-worth-rs-11728-36-crore-during-apr-jan-of-this-fiscal-goverment/articleshow/98637768.cms
တင်ပြသူ    ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ မတ်လ(၂၂) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ