မိုးခေါင်ရေရှားမှုကြောင့် သီးနှံများ ခြောက်သွေ့ပျက်စီးသည့််ဒဏ်ကို အာဂျင်တီးနား တောင်သူများ ကြံ့ကြံ့ခံရင်ဆိုင်နေရ

  • Wed, 29 March 2023

မိုးခေါင်ရေရှားမှုကြောင့် သီးနှံများ ခြောက်သွေ့ပျက်စီးသည့််ဒဏ်ကို အာဂျင်တီးနား တောင်သူများ ကြံ့ကြံ့ခံရင်ဆိုင်နေရ


လယ်ယာမြေများသည် ယခုရာသီချိန်တွင် စိမ်းလန်းစိုပြေကာ မြေဆီဩဇာ ကြွယ်ဝ နေရမည့် အချိန်ဖြစ်သော်လည်း Guillermo Cuitino ဖြတ်သန်းလာခဲ့ရာ လမ်းတလျှောက်ရှိ လယ် မြေများသည် ခြောက်သွေ့အက်ကွဲလျက်ရှိပြီး ပဲပုပ်ပင်တစ်ပင်ကို ဆွဲကိုင်ကြည့်သည့်အခါတွင် လည်း အရွက်များသည် လက်ထဲ၌ အလွယ်တကူပင် တစ်စစီ ကြွေသွားပါသည်။

စိုက်ပျိုးရေးဆိုင်ရာ အင်ဂျင်နီယာတစ်ဦးကမူ အာဂျင်တီးနားမြို့တော်မှ (၂၃၀) ကီလို မီတာ (၁၄၃_မိုင်)အကွာရှိ ၎င်းအလုပ်လုပ်ရာ Urquiza ၌ လယ်မြေများသည် ယခုနှစ် မိုးခေါင် ရေရှားမှုကြောင့် ခြောက်သွေ့မှု လွန်ကဲနေကြောင်း ပြောကြားခဲ့ပါသည်။

Cuitinoသည် သာမန်အားဖြင့် စိုက်ပျိုးမြေပေါ်တွင် ဖြတ်သန်းသွားလာလေ့ မရှိ သော်လည်း  ယခုအခါတွင် အရာအားလုံးသည် လွန်စွာခြောက်သွေ့နေပြီဖြစ်သဖြင့် ဖြတ်သန်း သွားလာမှုကြောင့် ထူးပြီးပျက်စီးဆုံးရှုံးနိုင်စရာ လုံးဝမရှိနိုင်သည့်အပြင် ပေါင်းပင်များပါ မပေါက်ရောက် နိုင်တော့သည့် အခြေအနေမျိုး ဖြစ်ပါသည်။

အာဂျင်တီးနားတစ်ဝှမ်းရှိ လယ်မြေများသည် ယင်းဖြစ်ရပ်များကို ထပ်တလဲလဲ ကြုံတွေ့နေရသဖြင့် ရိတ်သိမ်းချိန်တွင် အထွက်နှုန်းအပြည့်အဝ ရိတ်သိမ်းရရှိမည့်အစား ပူပြင်း ခြောက်သွေ့လွန်းသည့် ရာသီဥတုကြောင့် များစွာထိခိုက်ဆုံးရှုံးခဲ့ရပါသည်။ တောင်သူများသည် အလျဉ်မီအောင် ရုန်းထွက်ရန် ခဲရာခဲဆစ်ရုန်းကန်နေကြရသည့်အပြင် လယ်ယာထွက်တင်ပို့ကုန် များမှ မျှော်မှန်းထားသော ဝင်ငွေများမှာလည်း သိသိသာသာကျဆင်းလာသည့်အတွက် အာဂျင် တီးနား၏ မတည်မငြိမ်ဖြစ်နေသော စီးပွားရေးကို ပြင်းပြင်းထန်ထန် လှုပ်ခတ်စေခဲ့ပြန်ပါသည်။

“ယခုကဲ့သို့မိုးခေါင်မှုသည် မကြုံစဖူးဖြစ်သောကြောင့် မည်သူမျှပင် ယခုကဲ့သို့ မြင်ဖူး ကြုံဖူးကြမည် မဟုတ်ကြောင်း” Martín Sturla ဆိုသူက San Antonio de Areco အနီးရှိ ၎င်း၏ ဖုန်ထူထူ လယ်ကွင်းများအလယ်တွင်ရပ်ကာ ပြောကြားခဲ့ပါသည်။

ထူးခြားပြင်းထန်စွာ ခြောက်သွေ့လွန်းသည့်ရာသီဥတုကို (၂)နှစ်ကြာကြုံတွေ့ခဲ့ရသည့် အာဂျင်တီးနား၏ အခြေအနေမှာအထူးပင် ဆိုးရွားလျက်ရှိကြောင်း၊ လွန်ခဲ့သည့် (၂)နှစ်တာ ကာလသည် ဆိုးရွားခဲ့သော်လည်း တခါတရံမိုးရွာသွန်းခြင်းဖြင့် ၎င်းတို့အတွက် ကံကြမ္မာ မျက်နှာ သာပေးသည့် အနည်းငယ်မျှသော အခွင့်အလမ်း ဖြစ်စေခဲ့ကြောင်း Cuitino က ပြောကြား ခဲ့ပါသည်။

ကျွမ်းကျင်သူများပင်လျှင် ယင်းအကျပ်အတည်းကို ရင်ဆိုင်ကျော်လွှားရန် အခက်ကြုံနေ ရပါသည်။
(၃)နှစ်ဆက်တိုက် နွေကာလမိုးခေါင်ရေရှားခြင်း၊ မတ်လအထိဆက်တိုက် အပူလှိုင်း ဖြတ်ခြင်း၊ (၂၀၂၂)ခုနှစ်တွင် အောက်တိုဘာလနှောင်းပိုင်းမှ (၂၀၂၃)ခုနှစ် ဖေဖော်ဝါရီလ အစော ပိုင်းကာလအတွင်း ဆီးနှင်းကျခြင်းများရှိသဖြင့် သမိုင်းတလျောက် မှတ်တမ်းတင်ရလောက်သည့် စိုက်ပျိုးရေးကဏ္ဍအတွက် ထိခိုက်ပျက်စီးစေဖွယ် အတားအဆီးများအား ဖော်ပြရန်စကားလုံးပင် မရှိနိုင်ကြောင်းနှင့် ယခုနှစ်ရိတ်သိမ်းရာသီတွင် အထွက်နှုန်း သိသိသာသာ လျော့ကျမည်ဟု ခန့်မှန်းထားကြောင်း Rosario ကုန်သွယ်မှုဘုတ်အဖွဲ့၏ လတ်တလော အစီရင်ခံတင်ပြချက် တစ်ခုအရ သိရှိရပါသည်။

ယခုနှစ် ပဲပုပ်ထုတ်လုပ်မှုသည် တန်ချိန် (၂၅)သန်းဝန်းကျင်ရှိမည်ဖြစ်ပြီး၊ ပြီးခဲ့သည့် စိုက်ပျိုးရာသီ (၅)ခု၏ ပျမ်းမျှအထွက်နှုန်းအောက် (၄၄%)ကျဆင်းသွားမည်ဖြစ်သည်။ စုစုပေါင်း ဂျုံထုတ်လုပ်မှုသည် တန်ချိန် (၃၆)သန်းရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်၏ ထုတ်လုပ်နိုင်မှု အောက် (၃၁%)ကျဆင်းခဲ့ကြောင်း Buenos Aires Grains Exchange ၏ နောက်ဆုံး ရေးသားထားသည့် အပတ်စဉ်အစီရင်ခံစာအရ သိရှိရပါသည်။

အာဂျင်တီးနားနိုင်ငံ၏ သီးနှံထုတ်လုပ်မှုတွင်(၈၇%)ပါဝင်လျက်ရှိသည့် ပဲပုပ်၊ ဂျုံနှင့် ပြောင်း ရိတ်သိမ်းမှုအခြေအနေကို ထည့်သွင်းတွက်ချက်ပါက ဆုံးရှုံးမှုတန်ဖိုးမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ (၁၄.၁၄) ဘီလီယံအထိ ရှိလာမည်ဖြစ်ကြောင်း Rosario ကုန်သွယ်မှု ဘုတ်အဖွဲ့၏ ပြောကြားချက်အရသိရှိခဲ့ရပါသည်။ လက်ရှိအခြေအနေအရ ပို့ကုန်တင်ပို့မှုကဏ္ဍမှ အမေရိကန်ဒေါ်လာ (၂၀.၅)ဘီလီယံနီးပါး ဆုံးရှုံးသွားနိုင်ကြောင်းကို စိုက်ပျိုးရေးလုပ်ငန်းများ လက်တွေ့စမ်းသပ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒေသဆိုင်ရာလုပ်ငန်းစု အဖွဲ့၏ မကြာသေးမီက တင်ပြခဲ့သည့် အစီရင်ခံစာအရ သိရှိခဲ့ရပါသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် အပူလှိုင်းဖြစ်ပေါ်မှုသည် ပိုမို၍ အကြိမ်ရေ စိပ်လာသည့် အပြင် ပိုမိုပြင်းထန်လာကြောင်း၊ မြေဆီလွှာသည်လည်း ပို၍ ခြောက်သွေ့လာကြောင်း စသည်ဖြင့် Sorensson က ပြောကြားခဲ့သည်များကို (၂၃. ၃. ၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် AP News သတင်းအရ သိရှိရ ပါသည်။

Source    https://apnews.com/article/argentina-drought-farms-a4581685e448bef697e30370a42afd8

တင်ပြသူ    ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ မတ်လ(၂၉) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ