လယ်ယာထွက်ကုန် တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ (၂.၄) ဘီလီယံ ရရှိ

  • Fri, 21 July 2023

လယ်ယာထွက်ကုန် တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ (၂.၄) ဘီလီယံ ရရှိ



ကမ္ဘောဒီးယားနိုင်ငံသည် (၂၀၂၃) ခုနှစ်၊ ပထမနှစ်ဝက်တွင် လယ်ယာထွက်ကုန် တန်ချိန် (၃.၉)သန်း တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ (၂.၄) ဘီလီယံ ရရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန (MAFF) ၏ ယမန်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ အရ သိရှိရပါသည်။


လယ်ယာထွက်ကုန်များ၏ ပို့ကုန်တန်ဖိုးသည် တစ်နှစ်ထက်တစ်နှစ် (၂၂.၅%) ကျဆင်းသွားကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယား၏ လယ်ယာထွက်ကုန် တင်ပို့မှုတွင် ဆန်၊ ငှက်ပျောသီး၊ သရက်သီး၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ပြောင်း၊ စားအုန်းဆီ၊ ငရုတ်ကောင်းနှင့် ဆေးရွက်ကြီးတို့ ပါဝင်ကြောင်း၊ ဆန်တင်ပို့မှုပမာဏမှာ တန်ချိန် (၃၃၀,၀၀၀) နီးပါးရှိပြီး အမေရိကန်ဒေါ်လာ (၂၈၁)သန်း ဝင်ငွေရရှိကြောင်း၊ စပါးတန်ချိန် (၁.၂)သန်း တင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ (၄၄၇)သန်း ရရှိကြောင်း၊ ဆန်မဟုတ်သော စိုက်ပျိုးရေးထွက်ကုန် တန်ချိန်(၂.၃)သန်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁,၆၇၂)သန်း ဝင်ငွေရရှိခဲ့ကြောင်း အစီရင်ခံစာအရ သိရှိရပါသည်။


ကမ္ဘောဒီးယားနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များကို နိုင်ငံပေါင်း (၆၅)နိုင်ငံသို့ တင်ပို့ ခဲ့ကြောင်း၊ ကမ္ဘာ့စီးပွားရေး အကျပ်အတည်း၊ ရာသီဥတုဖောက်ပြန်မှု နှင့် ပြည်တွင်း၌ လယ်ယာထွက်ကုန် ထုတ်လုပ်မှုနှင့် ဆက်စပ်ကုန်ကြမ်း လိုအပ်ချက် မြင့်မားမှုသည် စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှု ကျဆင်းခြင်း၏ နောက်ကွယ်ရှိ အကြောင်းရင်းများ ဖြစ်သည်ဟု စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ngin Chhay က ပြောကြားခဲ့ပါသည်။


"ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့် ဝယ်ယူရန်အမှာစာများ ကျဆင်းလာပြီး ကုန်သွယ်ရေး စီးဆင်းမှုကို အဟန့်အတားဖြစ်စေခဲ့ကြောင်း၊ သီးနှံအထွက်နှုန်းနှင့် အရည်သွေးကို ထိခိုက်စေပြီး မသေချာမရေရာသည့် ဈေးကွက်အခြေအနေနှင့် ရာသီဥတုဖောက်ပြန်မှု များကြောင့် အချို့သောသီးနှံများ ထုတ်လုပ်မှုကျဆင်းလာကြောင်း Chhay က အစီရင် ခံစာတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။


ထို့အပြင် ပြည်တွင်း၌ တိရစ္ဆာန်အစာထုတ်လုပ်ခြင်း နှင့် တန်ဖိုးမြှင့်ပြုပြင်ခြင်း အတွက် ကုန်ကြမ်းသုံးစွဲမှု မြင့်တက်လာသည့်အပြင် တန်ဘိုးမြှင့်ပြုပြင်ထုတ်လုပ်ရန်အတွက်လတ်လတ် ဆတ် ဆတ်ထုတ်ကုန်များ သုံးစွဲမှု များပြားလာသောကြောင့် လယ်ယာထွက်ကုန် တင်ပို့မှု လျော့နည်းသွားရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။


ပြည်တွင်း၌ တန်ဘိုးမြင့်ပြုပြင်ထုတ်လုပ်ခြင်းများ တိုးတက်လာသည်နှင့်အမျှ လယ်ယာထွက်ကုန်နှင့် ဆက်စပ်ကုန်ကြမ်းပစ္စည်း သုံးစွဲမှုများပြားလာသဖြင့် သီးနှံထုတ်လုပ်မှု ကွင်းဆက်တန်ဘိုး တိုးလာစေရန် အထောက်အကူဖြစ်စေကြောင်း၊ စိုက်ပျိုးရေးသည် ကမ္ဘော ဒီးယားနိုင်ငံ၏ စီးပွားရေးကဏ္ဍအား အထောက်အပံ့ဖြစ်စေသည့် မဏ္ဍိုင်(၄)ရပ်ထဲမှ တစ်ရပ် ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုများ မြင့်မားလာမှုကြောင့် စိုက်ပျိုးရေးကဏ္ဍ အနေဖြင့် နိုင်ငံတော်၏ စီးပွားရေးကို ပံ့ပိုးကူညီနိုင်မှု ကျဆင်းနေသော်လည်း နိုင်ငံ့ စီးပွားရေး၏ အရေးကြီးသော မဏ္ဍိုင်တစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ဇွန်လတွင် ပြောကြားခဲ့သည်။


စိုက်ပျိုးရေးလုပ်ငန်းတွင် စက်ယန္တရားအသုံးပြုမှုသည် ခေတ်မီစိုက်ပျိုးရေးကဏ္ဍဆီသို့ တိုးတက်ပြောင်းလဲလာစေသဖြင့် လယ်ယာလုပ်ငန်းအတွက် ကျွဲနွားအသုံးပြုမှု အနည်းငယ်သာ ရှိတော့ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။မကြာသေးမီနှစ်များအတွင်း ငှက်ပျောသီး၊ သရက်သီး နှင့် သီဟိုဠ်စေ့ ကဲ့သို့သော သစ်သီးဝလံများ ပိုမိုတိုးချဲ့စိုက်ပျိုးလာသဖြင့် လယ်ယာထွက်ကုန်များ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြောင်း၊ တန်ဘိုးမြှင့် သီဟိုဠ်စေ့ ကုန်ချောများအား ဒေသထွက်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး စက်ရုံများ အဆင့်မြှင့်တင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန် မြှင့်တင်ပေးခဲ့သော ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။


“ကမ္ဘောဒီးယားနိုင်ငံသည် တစ်နှစ်အတွင်း သီဟိုဠ်စေ့တန်ချိန် (၁) သန်းခန့် တင်ပို့ နိုင်ခဲ့သဖြင့် သီဟိုဠ်စေ့ အများဆုံးဖြန့်ဖြူးတင်ပို့သည့်နိုင်ငံ ဖြစ်လာနိုင်သည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်းကို (၁၄. ၇. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် Khmer Times သတင်း အရ သိရှိရပါသည်။


Source https://www.khmertimeskh.com/501323748/agricultural-product-exports-revenue-at-2-4-billion/


တင်ပြသူ         ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ         ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်

စစ်ဆေးသူ     ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ