အောက်တိုဘာလကုန်တွင် ရော်ဘာဈေးနှုန်းများ ကျဆင်းခဲ့

  • Tue, 14 November 2023

အောက်တိုဘာလကုန်တွင် ရော်ဘာဈေးနှုန်းများ ကျဆင်းခဲ့


      အောက်တိုဘာလကုန်တွင် ရော်ဘာဈေးနှုန်းများ ကျဆင်းခဲ့    မွန်ပြည်နယ် ရော်ဘာဈေးကွက်ရှိ ရော်ဘာဈေးနှုန်းသည် တစ်ပေါင်လျှင် (၁,၅၈၀)ကျပ် ဝန်းကျင်သို့ ကျဆင်းခဲ့ပါသည်။ အောက်တိုဘာလ (၁၈)ရက်နေ့တွင် မှိုင်းခံအဆင့်-၃ တစ်ပေါင်လျှင် (၁,၇၉၀)ကျပ်နှင့် နေလှမ်းရာဘာမှာ တစ်ပေါင်လျှင် (၁,၇၇၀)ကျပ်ဖြင့် စျေးမြင့်တက်ခဲ့ပါသည်။ လက်ရှိ ရော်ဘာဈေးနှုန်းမှာ နေလှမ်းရာဘာ တစ်ပေါင်လျှင် (၁,၅၆၀)ကျပ်နှင့် မှိုင်းခံ အဆင့်-၃မှာ (၁,၅၈၀)ကျပ်သို့ အသီးသီးကျဆင်းသွားခဲ့ပါသည်။ ကိန်းဂဏန်းများအရ နှစ်ပတ်အတွင်း တစ်ပေါင်လျှင် ကျပ် (၂၁၀)ကျော် ကျဆင်းသွားကြောင်း သိရှိရပါသည်။
    ကမ္ဘာ့ရော်ဘာ ဝယ်လိုအားအပြင် အရှေ့တောင်အာရှနိုင်ငံများရှိ ရော်ဘာထုတ်လုပ်မှုနှင့် ဈေးကွက်ရောင်းလိုအားတို့သည် မြန်မာ့ရော်ဘာဈေးနှုန်းကို အထောက်အကူဖြစ်စေပါသည်။ မြန်မာ နိုင်ငံ၏ ရော်ဘာအဓိက ထုတ်လုပ်သော မွန်ပြည်နယ်ရှိ ရော်ဘာပေါက်ဈေးနှုန်းများသည် အဆိုပါ အချက်များအပေါ် များစွာမူတည်နေကြောင်း ကုန်သည်များက ရှင်းပြပါသည်။
    မြန်မာ့ရော်ဘာ ထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန်ပေါင်း (၃၀၀,၀၀၀)ခန့်ရှိပါသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာ(၇၀%)ကို တရုတ်နိုင်ငံသို့ တင်ပို့ပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယ၊ ဂျပန်နှင့် အခြားနိုင်ငံများသို့လည်း တင်ပို့ ရောင်းချလျက် ရှိပါသည်။
    မြန်မာ့ရော်ဘာအသင်းအနေဖြင့် လက်ရှိ (2023-2024)ဘဏ္ဍာနှစ်၊ ဧပြီလ (1)ရက်နေ့မှ စတင်၍ တန်ချိန်ပေါင်း (300,000)တင်ပို့နိုင်ရန် ရည်မှန်းထားပါသည်။ ပြီးခဲ့သည့် (2022-2023) ဘဏ္ဍာနှစ်တွင် မြန်မာ့ရော်ဘာထုတ်လုပ်မှုသည် တန်ချိန်ပေါင်း (360,000)ကျော်ရှိခဲ့ပြီး ရော်ဘာ တန်ချိန် (200,000)ကျော်ကို ပြည်ပကုန်သွယ်မှုမိတ်ဖက်နိုင်ငံများသို့ တင်ပို့ခဲ့ပါသည်။
    ရော်ဘာကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အများအားဖြင့် စိုက်ပျိုးထုတ်လုပ်ပါသည်။ (၂၀၁၈-၂၀၁၉)ခုနှစ် ရော်ဘာစိုက်ပျိုးရာသီစာရင်းများအရ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ဧက (၁.၆၂၈) သန်းကျော်ရှိပြီး မွန်ပြည်နယ်တွင် (၄၉၇,၁၅၃)ဧက၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၃၄၈,၃၄၄)ဧက နှင့် ကရင် ပြည်နယ်တွင် (၂၇၀,၇၆၀)ဧကရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံသည် (2020-2021)ဘဏ္ဍာနှစ်တွင် ရော်ဘာတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ (449)သန်းကျော် ရရှိခဲ့ကြောင်း (၁.၁၁.၂၀၂၃) ရက်နေ့တွင် ထုတ်ဝေခဲ့သော  The Global New Light of Myanmar ကွန်ရက်ဆောင်းပါးအရ သိရှိရပါသည်။

Source    https://www.gnlm.com.mm/rubber-prices-on-decline-in-end-oct/

တင်ပြသူ    ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ