ပေါ်ဆန်းရင်ဆန်အသစ်များ ဈေးကွက်ထဲသို့ စတင်ဝင်ရောက်လာ

  • Wed, 15 November 2023

ပေါ်ဆန်းရင်ဆန်အသစ်များ ဈေးကွက်ထဲသို့ စတင်ဝင်ရောက်လာ


မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့် ကျိုက်လတ်ဧရိယာမှ ထွက်ရှိသော ပေါ်ဆန်းရင် ဆန်အချို့ နိုဝင်ဘာလ (၆)ရက်နေ့မှ စတင်၍ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း ပိတောက်လမ်းရှိ ဆန် ကုန်စည်ဒိုင်လုပ်ငန်းရှင် ကိုတင်အောင်က Global New Light of Myanmar (GNLM) သို့ ပြောကြား ခဲ့ပါသည်။

ပေါ်ဆန်းရင်(အဟောင်း) တစ်အိတ်လျှင်  (၁၁၅,၀၀၀)ကျပ်နှင့် ပေါ်ဆန်းရင်(အသစ်) တစ် အိတ်လျှင် (၉၀,၀၀၀)ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး တစ်အိတ်လျှင် ကျပ်(၂၀,၀၀၀) ကွာခြားမှု ရှိကြောင်း သိရှိရပါသည်။ လာမည့်ရက်များအတွင်း ရန်ကုန်ဈေးကွက်သို့ ဆန်များဝင်ရောက်လာမည် ဖြစ်ကြောင်း စိန်ပန်းလမ်းမှ ဆန်ဂိုဒေါင်ရုံပိုင်ရှင် ဦးကျော်ကြီးက GNLM သို့ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် တန်းမြင့် ပေါ်ဆန်းဆန်၏ လက်ကားဈေးသည် စိုက်ပျိုး ထွက်ရှိရာ ဒေသများဖြစ်သည့် (ဧရာဝတီ နှင့် ရွှေဘိုဒေသ)တို့အပေါ် မူတည်၍ တစ်အိတ်လျှင် ငွေကျပ် (၁၁၀,၀၀၀ - ၁၂၅,၀၀၀)ကြားတွင် ရှိနိုင်သည်။

ရွှေဘိုဒေသမှ ပေါ်ဆန်းစပါး(အဟောင်း) တင်း(၁၀၀)လျှင် ငွေကျပ်(၃.၇)သန်း ရရှိပြီး ဧရာဝတီဒေသမှ ငွေကျပ် (၂.၈)သန်းခန့် ရရှိမည်ဟု ခန့်မှန်းရသည်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတွင်  ရည်ညွှန်း စပါးဈေးနှုန်းများမှာ  ဧရာဝတီပေါ်ဆန်းအတွက် စပါးတင်း (၁၀၀)လျှင် ငွေကျပ် (၁.၆-၁.၈)သန်းနှင့် ရွှေဘိုပေါ်ဆန်းအတွက် ငွေကျပ် (၁.၈-၂)သန်း ဖြစ်ကြောင်း ဆန်စပါးအဖွဲ့အစည်းက ထုတ်ပြန်ခဲ့ပါသည်။

ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ ထွက်ရှိသည့် ပေါ်ဆန်းရင် ဆန်ဈေးသည် တစ်အိတ်လျှင် ငွေကျပ်(၃၀,၀၀၀)အထိ  တက်လာပါသည်။ ၂၀၂၃ခုနှစ်၊   ဇန်နဝါရီလ  (၂)ရက်နေ့တွင် ရွှေဘိုပေါ်ဆန်း(အသစ်) တစ်အိတ်လျှင် ငွေကျပ်(၆၀,၀၀၀ - ၆၆,၀၀၀) နှင့် ပေါ်ဆန်း(အဟောင်း) တစ်အိတ်လျှင် ငွေကျပ်(၈၆,၀၀၀-၉၂,၀၀၀)အထိ ပေါက်ဈေး ရှိခဲ့ပါသည်။

စပါးဈေးမှာ ရွှေဘိုပေါ်ဆန်း(အသစ်) တင်း(၁၀၀)လျှင် ငွေကျပ် (၁.၄၈-၁.၆)သန်း နှင့် အဟောင်း တင်း(၁၀၀)လျှင် ငွေကျပ် (၂.၅-၂.၆)သန်း ရှိနေသည်။ ပေါ်ဆန်း(အဟောင်း) နှင့် ပေါ်ဆန်း(အသစ်)ကြားတွင် ဈေးနှုန်းကွာဟမှုများ တွေ့ရမှုကြောင့် စားသုံးသူများအနေဖြင့်  ပေါ်ဆန်း(အသစ်)ကိုသာ ဝယ်ယူရန် တွန်းအားများ ဖြစ်ပေါ်ခဲ့ကြောင်းကို (၉. ၁၁. ၂၀၂၃)ရက်နေ့က ဖတ်ရှုခဲ့ရသည့် Global New Light of Myanmar ၏ သတင်းဆောင်းပါးမှတဆင့် သိရှိခဲ့ရသည်။

Source https://www.gnlm.com.mm/fresh-pawsanyin-rice-starts-to-enter-market/

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

စစ်ဆေးသူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ