ပြည်တွင်းဈေးကွက်၌ ပြောင်းဈေးနှုန်း ပြန်လည်ကျဆင်း

  • Wed, 21 February 2024

ပြည်တွင်းဈေးကွက်၌ ပြောင်းဈေးနှုန်း ပြန်လည်ကျဆင်း



ပြည်တွင်း နှင့် ပြည်ပဈေးကွက်များမှ ဝယ်လိုအား လျော့နည်းလာမှုကြောင့် ဇန်နဝါရီ လလယ်တွင် ပြောင်းတစ်ပိဿာလျှင် (၁,၂၀၀)ကျပ်မှ ဖေဖော်ဝါရီလလယ်တွင် (၁,၁၄၀)ကျပ်သို့ တဖြည်းဖြည်း ကျဆင်းလာပါသည်။ မြန်မာနိုင်ငံသည် ပြောင်းကို နယ်စပ်မှတဆင့် တရုတ်နှင့် ထိုင်းသို့တင်ပို့နေပြီး လက်ရှိအချိန်တွင် တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ ပင်လယ်ရေကြောင်းဖြင့် ပို့ဆောင်နေကြောင်း မြန်မာနိုင်ငံပြောင်းစက်မှုအသင်းမှ သိရပါသည်။

ထိုင်းနိုင်ငံသည် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ သြဂုတ်လ (၃၁)ရက်နေ့အတွင်း အကောက် ခွန်မဲ့ (Form-D)ဖြင့် ပြောင်းတင်သွင်းမှုကို သဘောတူခဲ့ပါသည်။ သို့သော် ထိုင်းနိုင်ငံသည် ၎င်းတို့၏ ပြောင်းရာသီအတွင်း တင်သွင်းပါက စိုက်ပျိုးသူများ၏ အခွင့်အရေးကို ကာကွယ်ရန် အမြင့်ဆုံးအခွန် နှုန်းထားကို (၇၃%) ချမှတ်ထားပါသည်။

တရုတ်နိုင်ငံသည် ဘိန်းအစားထိုးအစီအစဉ်ဖြင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမှတဆင့် မြန်မာ့ပြောင်းကို ဝယ်ယူလျက်ရှိပါသည်။ မြန်မာနှင့်တရုတ်နိုင်ငံကြား တရားဝင်ပြောင်းကုန်သွယ်မှုကို (၂၀၂၂)ခုနှစ် နှစ်ကုန်တွင် စတင်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ကုမ္ပဏီပေါင်း (၁၁၂)ခုကို ပြောင်းတင်ပို့ရန် ခွင့်ပြုထားပါသည်။

မြန်မာနိုင်ငံသည် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်၊ ဧပြီလ (၁)ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ (၂၉)ရက်နေ့အထိ ပြောင်းတန်ချိန် (၉၃၄၈၈၃)တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၇၉.၀၄၂) သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရှိရသည်။

မြန်မာနိုင်ငံသည် (၂၀၂၂)ခုနှစ်၊ ပြောင်းရာသီတွင် ပြည်ပကုန်သွယ်ဖက်နိုင်ငံများသို့ ပြောင်း တန်ချိန် နှစ်သန်းကျော် တင်ပို့ခဲ့ပါသည်။ အများစုကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပြီး ကျန်နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်ပါသည်။

ပြောင်းကို ရှမ်း၊ ကချင်၊ ကယား၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်း၊ စစ်ကိုင်းနှင့် မကွေး တိုင်းဒေသကြီးတို့တွင် စိုက်ပျိုးပါသည်။ မြန်မာနိုင်ငံတွင် ဆောင်းရာသီ၊ နွေရာသီနှင့် မုတ်သုံရာသီ ဟူ၍ ပြောင်းစိုက်ပျိုးရာသီ သုံးမျိုးရှိပါသည်။ မြန်မာနိုင်ငံသည် တစ်နှစ်လျှင် ပြောင်းတန်ချိန် (၂.၅) သန်းမှ (၃)သန်းအထိ ထွက်ရှိကြောင်း (၁၆.၂.၂၀၂၄)ရက်နေ့တွင်ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။


Source https://www.gnlm.com.mm/corn-price-falls-back-in-domestic-market/


တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ