သရက်တင်ပို့သူများအနေဖြင့် ယခုနှစ်တွင် အတားအဆီး အနှောက်အယှက်များနှင့် ရင်ဆိုင်ရဖွယ်ရှိ

  • Wed, 13 March 2024

သရက်တင်ပို့သူများအနေဖြင့် ယခုနှစ်တွင် အတားအဆီး အနှောက်အယှက်များနှင့် ရင်ဆိုင်ရဖွယ်ရှိ


ယခုအချိန်တွင် မြန်မာ့ဖရဲ နှင့် သခွားမွှေးသီးများကို ဗန်းမော်-မိုင်းလား ကုန်သွယ်လမ်းမှ တဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။ ကုန်သည်များသည် လမ်းခရီးကြမ်းတမ်းခြင်း နှင့် ရာသီဥတုပြင်းထန်ခြင်း ကဲ့သို့သော သစ်သီးအရည်အသွေးကို ထိခိုက်စေသည့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရသဖြင့် လာမည့် သရက်သီး ရာသီတွင် မူဆယ်လမ်းကြောင်း မှလွဲ၍ အခြားရွေးချယ်စရာ မရှိကြောင်း၊ အဆိုပါ အခြေအနေများကြောင့် ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ကုန်သွယ်လမ်းကြောင်း နှင့် သစ်သီးအရည်အသွေးအပေါ် ကြီးမားသော စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်း ခွာညိုသစ်သီးဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။

တရုတ်နိုင်ငံသို့ မြန်မာ့သရက်သီးတင်ပို့မှုသည် (၁၉၉၀)ခုနှစ်ကပင် မြင့်တက်လျက် ရှိပါ သည်။ ကိုဗစ် - ၁၉ ကပ်ရောဂါ၏ နောက်ဆက်တွဲ ရလဒ်ဆိုးအနေဖြင့် နယ်စပ်ဂိတ်အချို့ ပိတ်ဆို့ခံခဲ့ ရသည့်အတွက် လတ်တလောကာလတွင် အသုံးပြုနေရသော ကုန်သွယ်လမ်းကြောင်းများသည် ရှည်လျားကြမ်းတမ်းသဖြင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်လမ်းကြောင်းအသစ်ကို မဖြစ် မနေ ရှာဖွေရန်အတွက် ဖိအားပေးခံထားရကြောင်း၊ အမြတ်အစွန်းမကျန်လောက်သည့် အခြေအနေ မျိုးအထိ ကြုံတွေ့နေရသဖြင့် ဖရဲတင်ပို့သူများအနေဖြင့်လည်း ဈေးကွက်ကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ရေးအတွက် ဈေးကွက်အခြေအနေကို ချိန်ဆလျက်ရှိကြောင်း ဆက်လက်ပြောကြား ခဲ့ပါသည်။ 

အခက်အခဲ အတားအဆီးများစွာကို အံတုယှဉ်ပြိုင်ကာ ၎င်းတို့၏ ကံတရားကို စမ်းသပ် စိန်ခေါ်လျက်ရှိသည့် တောင်သူအချို့လည်း ရှိနေကြောင်း၊ မူဆယ်မှလွဲ၍ ကုန်စည်စီးဆင်းမှု ချောမွေ့သည့် အခြားလမ်းကြောင်းများ မရှိနိုင်သေးကြောင်း၊ မျှော်လင့်မထားသည့် အခြား စိန်ခေါ်မှုများစွာ ရှိနေပါသော်လည်း သယ်ယူပို့ဆောင်ရေးအခြေအနေ ကောင်းမွန်ပါက တရုတ် နိုင်ငံရှိ ယှဉ်ပြိုင်ဈေးကွက်၌ စိန်တလုံး၊ ရွှေဟင်္သာ နှင့် အခြားသရက်သီးမျိုးကွဲများစွာအတွက် ဈေးကွက်အလားအလာရှိကြောင်း၊ ၎င်းအနေဖြင့် သရက်စိုက် တောင်သူများ၊ ကုန်စည်သယ်ယူ ပို့ဆောင်သူများ၊ ပွဲစားများနှင့် တင်ပို့သူများအပါအဝင် ကုန်သွယ်ရေးကွင်းဆက်တလျှောက်ရှိ သက်ဆိုင်သူများ အားလုံးအတွက် အကောင်းဆုံး အခြေအနေများ ဖြစ်လာစေရန် ဆုမွန်ကောင်း တောင်းပေးလျက်ရှိကြောင်း ထပ်မံပြောကြားခဲ့ပါသည်။

(၂၀၂၃)ခုနှစ်၊ အစောပိုင်းကာလတွင် စိန်တလုံး သရက်သီးဈေးနှုန်းသည် (၁၆)ကီလိုဂရမ်လျှင် (၁၂၀-၁၈၀)ယွမ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပြည်တွင်းဈေးကွက်တွင် (၁၆)ကီလိုဝင် တစ်ခြင်းလျှင် (၅၀,၀၀၀)ကျပ်နီးပါး ဈေးနှုန်းရရှိခဲ့ပါသည်။ သွင်းအားစု စိုက်ပျိုးစရိတ် ကြီးမြင့် ခြင်းသည် စိုက်ပျိုးသူများကို ထိခိုက်စေပါသည်။ ပြီးခဲ့သောနှစ်က စိုက်ပျိုးရေး သွင်းအားစုအသုံးပြုမှု နည်းပါးခြင်းကြောင့် ရိတ်သိမ်းချိန်လွန်ရောဂါများဖြစ်သည့် ပင်စည်ပုပ်ရောဂါနှင့် အသီးများတွင် မှည့်ပျောက်စွန်းများစွာ ဖြစ်ပေါ်ခဲ့သဖြင့် သစ်သီး အရည်အသွေးကို ထိခိုက်စေခဲ့ပါသည်။ စိန်တလုံး သရက်သီး အရည်အသွေး ညံ့ဖျင်းမှုကြောင့် အချို့ကုန်သည်များသည် စိုက်ပျိုးမှု ကုန်ကျစရိတ် ကာမိအောင်ပင် ပြန်လည်ရရှိခြင်း မရှိပါ။

မြန်မာနိုင်ငံတွင် မူရင်း သရက်သီးမျိုးကွဲပေါင်း (၂၀၀)ခန့်ရှိသည့်အနက် စိန်တလုံး၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ ရင်ကွဲ နှင့် မချစ်စု မျိုးများကို အဓိက စိုက်ပျိုးလျက် ရှိပါသည်။ နိုင်ငံခြားဈေးကွက်တွင်မူ စိန်တလုံး အမျိုးအစားကိုသာ ပိုမိုနှစ်သက်ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် သရက်စိုက်ဧကပေါင်း (၄၆,၀၀၀)ရှိသဖြင့် သရက်စိုက် ဧရိယာ အများဆုံးဒေသဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ဧကပေါင်း (၄၃,၀၀၀) စိုက်ပျိုးသဖြင့် သရက်စိုက်ဧရိယာ ဒုတိယအများဆုံး ဒေသဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် သရက်စိုက် ဧကပေါင်း (၂၉,၀၀၀) စိုက်ပျိုးကြောင်း၊ ကရင်ပြည်နယ်တွင် ဧကပေါင်း (၂၄,၀၀၀)ကျော် စိုက်ပျိုး ကြောင်း၊ ရှမ်းပြည်နယ်တွင် ဧကပေါင်း (၂၀,၄၀၀)ကျော် နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧက (၂၀,၀၀၀)ကျော် စိုက်ပျိုးကြောင်း အသင်းအဖွဲ့၏ အချက်အလက်များအရ သိရှိရကြောင်းကို (၇. ၃. ၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်သည့် Global New Light of Myanmar သတင်းအရ သိရှိရပါသည်။

Source https://www.gnlm.com.mm/mango-exporters-brace-for-disruption-this-year/


တင်ပြသူ ဒေါ်နှင်းရီဝင်း၊  စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၃)ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ