ဧရာဝတီတိုင်းဒေသကြီးတွင် ဝယ်လိုအား မြင့်မားနေခြင်းကြောင့် ပေါ်ဆန်းစပါး ဈေးနှုန်းများ မြင့်တက်လာ

  • Wed, 13 March 2024

ဧရာဝတီတိုင်းဒေသကြီးတွင် ဝယ်လိုအား မြင့်မားနေခြင်းကြောင့် ပေါ်ဆန်းစပါး ဈေးနှုန်းများ မြင့်တက်လာ



ဧရာဝတီတိုင်းဒေသကြီးတွင် ဝယ်လိုအားများသောကြောင့် ပေါ်ဆန်း စပါးတင်း (၁၀၀) လျှင် ကျပ်(၄)သန်းအထိ ပေါက်ဈေးရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များ အသင်းမှ သိရှိရပါသည်။

၎င်းဒေသအတွင်း ဇန်နဝါရီလ၌ သာမန်စပါးဈေးနှုန်းမှာ တင်း (၁၀၀)လျှင် ကျပ် (၂.၂)သန်း ဝန်းကျင်ရှိပြီး အရည်အသွေးမြင့် စပါးတင်း (၁၀၀)လျှင် ကျပ် (၃.၇)သန်းဖြစ်ပါသည်။ အရည် အသွေးမြင့် ပေါ်ဆန်းစပါးဈေးသည် ယခုလအတွင်း တင်း(၁၀၀)လျှင် ကျပ် (၃၀၀,၀၀၀)ကျော် မြင့်တက်နေပါသည်။

ယခုအခါတွင် ဆန်နှင့် စပါးဈေးကို ခန့်မှန်း၍မရကြောင်း၊ ရာသီတစ်ခုမှတစ်ခုသို့ အကူး အပြောင်းတွင် ဈေးနှုန်းမြင့်တက်သွားပြီး သီးနှံအသစ်တစ်ခု ရိတ်သိမ်းသောအခါတွင် ပြန်လည် ကျဆင်းကြောင်း၊ ထို့နောက် ဈေးနှုန်း ဆက်လက် မြင့်တက်နေပြီး မိုးစပါးရိတ်သိမ်းချိန်တွင် ဈေးနှုန်းများ ပြန်လည်ကျဆင်းလေ့ရှိကြောင်း၊ ၎င်းသည် ပုံမှန်ဖြစ်ကြောင်း၊ သို့သော် ယခုအချိန်တွင် အချို့နေရာများ၌ ရောင်းလိုအား ကျဆင်းလာသောကြောင့် ပေါ်ဆန်းဈေးနှုန်းများ မြင့်တက်လာ နိုင်ကြောင်း၊ ဈေးနှုန်းကျဆင်းနိုင်ခြေ မရှိကြောင်း၊ ပေါ်ဆန်း၏ ဈေးကွက်ပေါက်ဈေးမှာ ကျပ် (၃.၈-၄)သန်းအထိ ရှိကြောင်း၊ ရောင်းလိုအားနည်းနေချိန်တွင် ဝယ်လိုအားမြင့်တက်နေခြင်းမှာ သဘာဝ ဖြစ်ပြီး အမြတ်အစွန်းရရန်အတွက် ရည်ရွယ်စုဆောင်းထားမှုများမှ ဖြစ်ပေါ်လာကြောင်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ယခုနှစ်တွင် ဆန်နှင့် စပါးလက်ကျန်မှာ ယခင်နှစ်ထက် ပို၍များပြားကြောင်း၊ သို့သော် အချို့သော ကုန်သည်များသည် ဈေးနှုန်းမြင့်တက်မှုကြောင့် ၎င်းတို့၏ ကုန်ပစ္စည်းများကို လက်ဝယ် ထားလျက်ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် လက်ကျန်စပါးများကို ကုန်သည်များထံမှ ဈေးကွက်သို့ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း MRFဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါသည်။ 

ဆန်နှင့် စပါးလက်ကျန်များသည် ယခင်နှစ်ထက်ပို၍ များပြားကြောင်း၊ သို့သော် အချို့ တောင်သူများသည် ဈေးနှုန်းကောင်းသော်လည်း ရောင်းချလိုမှုမရှိကြောင်း၊ ကုန်သည်များတွင် ဆန် နှင့် စပါး လက်ကျန်များရှိကြောင်း၊ ကျန်ရှိနေသော စပါးနှင့် ဆန်များကို ကုန်သည်များထံမှ ဈေးကွက်သို့ တင်ပို့ရန် အစီအစဉ်ရှိကြောင်း (၆.၃.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar website ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source https://www.gnlm.com.mm/pawsan-price-goes-up-due-to-high-demand-in-ayeyarwady-region/

တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၃)ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ