မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် တန်ဖိုးမြှင့် သီဟိုဠ်စေ့များ ပြည်ပပို့ကုန်အဖြစ်တင်ပို့လျက်ရှိ

  • Fri, 22 March 2024

မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် တန်ဖိုးမြှင့် သီဟိုဠ်စေ့များ ပြည်ပပို့ကုန်အဖြစ်တင်ပို့လျက်ရှိ


ဧရာဝတီတိုင်းဒေသကြီးမှ တန်ဖိုးမြှင့် သီဟိုဠ်စေ့များကို ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်များသို့ တင်ပို့လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၏ သတင်း အချက်အလက်များအရ သိရှိရပါသည်။ပုသိမ်၊ သာပေါင်း၊ မြောင်းမြနှင့် ရေကြည်မြို့များရှိ ကုန်သည်များသည် ဧရာဝတီတိုင်းဒေသကြီးမှ သီဟိုဠ်စေ့ အကြမ်းများကို ဝယ်ယူပြီး ရန်ကုန်မြို့သို့တင်ပို့လျက်ရှိပါသည်။ တန်ဖိုးမြှင့် သီဟိုဠ်စေ့များကို ပုသိမ်နှင့် ရေကြည်မြို့များတွင် ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပပို့ကုန်အဖြစ် တရုတ်၊ ကိုရီးယား၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။သီဟိုဠ်စေ့ကို ရေခဲမုန့်၊ ထိုးမုန့် ကဲ့သို့ မြန်မာ့ရိုးရာ သရေစာများ၊ ကိတ်မုန့်၊ ယို နှင့် ဒံပေါက် ပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့်လည်းကောင်း၊ သီဟိုဠ်စေ့ဆီတွင် ဗီတာမင် E ကြွယ်ဝသောကြောင့် အလှကုန်များ၊ ဆံပင်နှင့်အရေပြားဆိုင်ရာ ကုသမှုများပြုလုပ်ရာတွင် ပါဝင်ပစ္စည်း အဖြစ်လည်းကောင်း၊ သီဟိုဠ်စေ့ခွံများကို စက်မှုကုန်ကြမ်းအဖြစ်လည်းကောင်း အသုံးပြုကြပါသည်။ယခင်နှစ် မှတ်တမ်းအရ သီဟိုဠ်စေ့အကြမ်း တစ်ပိဿာလျှင် (၄၂၀၀)ကျပ်ရှိခဲ့ရာမှ ယခုကာလတွင် တစ်ပိဿာလျှင် (၄၈၀၀-၅၀၀၀)ကျပ်အထိ ရှိနေသဖြင့် ကိန်းဂဏန်းများအရ တစ်ပိဿာလျှင် (၆၀၀-၈၀၀)ကျပ်အထိ မြင့်တက်လာကြောင်း သိရှိရပါသည်။သီဟိုဠ်စေ့ရာသီသည် ဖေဖော်ဝါရီလ နောက်ဆုံး သီတင်းပတ်တွင် စတင်ပြီး မတ်လတွင် လှိုင်လှိုင်ပေါ်သဖြင့် သီဟိုဠ်စေ့ဈေးကွက်သည် မိုးရာသီမတိုင်မီကာလတွင် ပျားပန်းခတ်မျှစည်ကားလျက်ရှိပါသည်။ မိုးသည်းထန်စွာရွာသွန်းသည့် မေလနှင့်ဇွန်လတွင် သီဟိုဠ်စေ့ရာသီ ကုန်ဆုံးပါသည်။ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်ရှည်ပင်ဖြစ်သည့် သီဟိုဠ်ပင်စိုက်ပျိုးသည့်ဧရိယာ (၆၅,၉၃၃)ဧက ရှိပြီး အဓိကအားဖြင့် ပုသိမ်၊ ဟင်္သာတနှင့် မြောင်းမြခရိုင်တို့တွင် စိုက်ပျိုးပါသည်။ သီဟိုဠ်ပင်များကို မြေအမျိုးအစားအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် အနောက်ဘက်ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ပင်လယ်ပြင်ဒေသများတွင်လည်းစိုက်ပျိုး ဖြစ်ထွန်းပါသည်။ပုသိမ်နှင့် သာပေါင်းမြို့နယ်များမှထွက်ရှိသည် သီဟိုဠ်စေ့သည် အရွယ်အစားကြီးမားပြီးရေကြည် မြို့နယ်မှ ထွက်ရှိသည့် သီဟိုဠ်စေ့သည် အရွယ်အစား အလယ်အလတ်ဖြစ်ကာ မြောင်းမြမြို့နယ်မှ ထွက်ရှိသည့် သီဟိုဠ်စေ့သည် အရွယ်အစား သေးငယ်ပါသည်။ စိုက်ပျိုးချိန်မှ စတင် ခူးဆွတ်ချိန်အထိ (၅)နှစ်ကြာမြင့်ပါသည်။ သီဟိုဠ်ပင်သည် နှစ်ရှည်ပင်ဖြစ်သောကြောင့် ရေရှည်အကျိုးရှိသော လုပ်ငန်းဖြစ်ပါသည်။ သို့သော်လည်း မိုးရွာသွန်းပါက သီဟိုဠ်စေ့၏ အပြင်ပိုင်း အရည်အသွေးကို ထိခိုက်စေသဖြင့် ဈေးကွက်မဝင်သည့် အခြေအနေမျိုးအထိ ဖြစ်စေနိုင်ပါသည်။(၂၀၂၄)ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန (ဧရာဝတီတိုင်း ဒေသကြီး)တွင် သီဟိုဠ်စေ့လုပ်ငန်း မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် သီဟိုဠ်စိုက်ပျိုးထုတ်လုပ်သူများစသည့် တိုင်းဒေသကြီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် စျေးကွက်အခြေအနေ၊ နည်းပညာ၊ အရင်းအနှီး၊ စျေးကွက်စီးဆင်းမှုနှင့် ဖြန့်ဖြူးသူများ၏လိုအပ်ချက်များကို မီးမောင်းထိုးပြခဲ့ပါသည်။ ၎င်းဒေသနှင့် ဆက်စပ်ဒေသများတွင် မြေလွတ်၊ မြေရိုင်း နှင့် ပလပ်မြေ များစွာကျန်ရှိနေကြောင်း၊  ၎င်းတို့သည် အပူပိုင်းရာသီဥတုတွင် ကောင်းစွာပေါက်ရောက်နိုင်ကြောင်း၊တက်ရောက်လာသူများမှ တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ်မှုကဏ္ဍ နှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး သီဟိုဠ်စေ့အသင်းအဖွဲ့ကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းကာ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်အပြင် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) နှင့်ပါ ချိတ်ဆက်၍“ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်ခု”လှုပ်ရှားမှုများနှင့် အနာဂတ်ဆောင်ရွက်ဖွယ်များအဖြစ် ပို့ကုန်ဈေးကွက်ကိုထိုးဖောက်ဝင်ရောက်နိုင်ရေးကြိုးပမ်းကြရန် ဆွေးနွေးခဲ့ကြောင်းကို (၁၂. ၃. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် Global New Light of Myanmar သတင်းဆောင်းပါးအရသိရှိရပါသည်။

Source https://www.gnlm.com.mm/myanmar-exports-value-added-cashew-nuts-from-ayeyawady-region/

တင်ပြသူ ဒေါ်နှင်းရီဝင်း၊  စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၀)ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ