လူငယ်စွန့်ဦးပညာရှင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၈)

  • Fri, 15 June 2018

လူငယ်စွန့်ဦးပညာရှင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၈)


လူငယ်စွန့်ဦးပညာရှင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၈) အားတက်ရောက်ရန် YSI အဖွဲ့ဝင်သင်တန်းသားများသည် ၁၃.၆.၂၀၁၈ ညနေ ၃း၁၅အချိန်တွင် AERDTC သင်တန်းကျောင်းသို့ရောက်ရှိလာခဲ့ပြီး သင်တန်းကျောင်းမှ လှိုက်လှိုက်လှဲလှဲကြိုဆိုနေရာချထားပေးကာ သင်တန်းအကြိုအခမ်းအနားပြုလုပ်၍ သင်တန်းကျောင်းအကြောင်းရှင်းလင်းခြင်း၊ သင်တန်းထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ သင်တန်းသားမှတ်ပုံတင်ခြင်း၊ ကျောင်းစည်းကမ်းများ၊ နေထိုင်မှုစည်းကမ်းများ၊ စားသောက်မှုဆိုင်ရာစည်းကမ်းများနှင့်သင်တန်းအချိန်ဇယားများကို ရှင်းလင်းပေးပါသည်။


နောက်တစ်နေ့ (၁၄.၆.၂၀၁၈) နံနက် ၈း၃၀ အချိန်တွင် သင်တန်းဖွင့်ပွဲအခမ်းအနားစတင်၍ မြန်မာနိုင်ငံတော်သီချင်း သံပြိုင်သီဆိုအလေးပြုခြင်းဖြင့် ဖွင့်လှစ်ပြီး AERDTC သင်တန်းကျောင်း ကျောင်းအုပ်ကြီး မစ္စတာဂျောင်ကပ်ဂျင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးထွန်းဝင်းမှ သင်တန်းဖွင့်ပွဲအမှာစကားပြောကြားပါသည်။


သင်တန်းဖွင့်ပွဲအပြီး လူငယ်စွန့်ဦးပညာရှင်များအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၈) သင်ကြားခြင်းအစီအစဉ် စတင်ခဲ့ပြီး သင်တန်းကျောင်း ကျောင်းအုပ်ကြီး မစ္စတာဂျောင်ကပ်ဂျင်းမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆယ်မားအူးလ်အွန်ဒုန် ဆောင်ရွက်ရခြင်း အကြောင်းကို လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများမှ မြစိမ်းရောင်စီမံကိန်းအပါအဝင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဌာန၏ဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး YSI အဖွဲ့ဝင်များမှ တက်ကြွစွာပါဝင် ဆွေးနွေးခဲ့ကြပါသည်။


(၁၅.၆.၂၀၁၈) နေ့တွင် SMU စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကို ထူးချွန်စွာ ဆောင်ရွက်လျက် ရှိကြသော ကျွန်းကုန်းကျေးရွာသို့ လေ့လာရေးခရီး ပို့ဆောင်ပေးခဲ့ပါသည်။ YSI အဖွဲ့ဝင်များအနေဖြင့် ၎င်းကျေးရွာတွင်ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ကျေးရွာသူရွာသားများကိုယ်တိုင် တနိုင်တပိုင်စိုက်ပျိုးမွေးမြူကြသော ငွေနှင်းမှိုစိုက်ပျိုးရေးလုပ်ငန်း၊  ကျေးရွာသူရွာသားများကိုယ်တိုင် စီမံထုတ်လုပ်သည့် value added product များ ထုတ်လုပ်ခြင်းနှင့် ဆပ်ပြာအမျိုးမျိုးထုတ်လုပ်ခြင်း စသည်တို့ကို လေ့လာခဲ့ပြီး YSI အဖွဲ့ဝင်များမှ ကျေးရွာထုတ်ကုန်များကိုဝယ်ယူအားပေးခဲ့ကြပါသည်။


ထို့နောက် YSI အဖွဲ့ဝင်များသည် AERDTC သင်တန်းကျောင်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး စီမံကိန်းဒါရိုက်တာ ဦးအေးကိုကို (ဒုတိယညွှန်ကြားရေးမှူးချုပ်(တိုင်းဒေသကြီး/ပြည်နယ်)၊ စိုက်ပျိုးရေးဦးစီးဌာန) မှ မြန်မာဆယ်မာအူးလ်အွန်ဒုံစီမံကိန်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး YSI အဖွဲ့ဝင်လူငယ်များမှ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။


ထို့နောက် သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်၍ သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ စီမံကိန်းဒါရိုက်တာ ဦးအေးကိုကို (ဒုတိယညွှန်ကြားရေးမှူးချုပ်(တိုင်းဒေသကြီး/ပြည်နယ်)၊ စိုက်ပျိုးရေးဦးစီးဌာန) နှင့် သင်တန်းကျောင်းကျောင်းအုပ်ကြီး Mr. Chung Kap Jin တို့မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်းနှင့် သင်တန်းသား/သင်တန်းသူ ခေါင်းဆောင်များမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ ဆက်လက်၍ YSI အဖွဲ့ဝင်သင်တန်းသားများသည် နှုတ်ဆက်ခွဲခွာခြင်းအစီအစဉ်ဖြင့် AERDTC မှ သင်တန်းကျောင်း ကျောင်းအုပ်ကြီးဦးဆောင်သော သင်တန်းကျောင်းမှတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် အချင်းချင်းလက်ဆွဲနှုတ်ဆက်၍ မိမိတို့နေရပ်သို့ ပြန်လည်ထွက်ခွာခဲ့ကြပါသည်။


ဆက်စပ် သတင်းများ