ဘင်းမ်စတက် စိုက်ပျိုးရေး ဝန်ကြီးများ ၏ ဒုတိယအကြိမ် အစည်းအဝေး သို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေး
  • Fri, 11 November 2022

ဘင်းမ်စတက် စိုက်ပျိုးရေး ဝန်ကြီးများ ၏ ဒုတိယအကြိမ် အစည်းအဝေး သို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေး



တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများ ပါဝင်ဖွဲ့စည်းထားသည့် ဘင်္ဂလား ပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) ဘင်းမ်စတက် စိုက်ပျိုးရေးဝန်ကြီးများ ၏ ဒုတိယအကြိမ် အစည်းအဝေး (2nd BAMM) ကို နိုဝင်ဘာလ (၁၀) ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၁၀)နာရီ တွင် အိန္ဒိယနိုင်ငံမှ အိမ်ရှင်နိုင်ငံ အဖြစ်ဦးဆောင်၍ Video Conferencing စနစ်ဖြင့် ကျင်းပရာ အစည်းအဝေး သို့ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် Mr.Tenzil Lekphell ၊ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများနှင့်အတူ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးတင်ထွဋ်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။



ဘင်းမ်စတက် စိုက်ပျိုးရေးဝန်ကြီးများ ၏ ဒုတိယအကြိမ် အစည်းအဝေးတွင် ပူးတွဲသဘာပတိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားရာ၌ စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေး ၌ နိုင်ငံခေါင်းဆောင်များ က စိုက်ပျိုးရေး ထုတ်ကုန်များ ရေရှည်တည်တံ့၍ အကျိုးအမြတ်ရရှိစေရန်နှင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ဆုံးဖြတ်ထားမှုကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ဒေသဆိုင်ရာစားနပ်ရိက္ခာဖူလုံရေး (Regninal Agricultural on Food Security) ဆွေးနွေးပွဲ တစ်ရပ် ကို မြန်မာနိုင်ငံက လာမည့် ဒီဇင်ဘာလတွင် တာဝန်ယူ ကျင်းပနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက ကြီးမှူးကျင်းပ ခဲ့သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း GAP အစည်းအဝေး ၏ ဆွေးနွေးဆုံး ဖြတ်ချက်များကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ဘင်းမ်စတက်၏ ဘုံစီမံကိန်းတစ်ခုဖြစ်သည့် တန်ဖိုးမြင့်ထွက်ကုန်များ ထုတ်လုပ်ရေး တွင် ပုဂ္ဂလိကကဏ္ဍပါဝင်လာရေး မူဝါဒနှင့်အညီ အဖွဲ့ဝင်နိုင်ငံ အသီးသီးမှ တိုးမြှင့် ဆောင်ရွက် သွားရန် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အကျိုးတူကန်ထရိုက် လယ်ယာစနစ် ထွန်းကားလာရေး အပါအဝင် ပုဂ္ဂလိက ကဏ္ဍကို ဘက်စုံမှမြှင့်တင်ပေးလျက်ရှိကြောင်း၊ အလားတူ မြန်မာ့လယ်ယာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အပင်ဇီဝနည်းပညာများ၊ အပင်မျိုးဗီဇ ဆိုင်ရာနည်းပညာ များ၊ Digital Agricultural နည်းပညာများကို တီထွင်ဆန်းသစ် ဆောင်ရွက် နိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း၊



ကိုဗစ်–၁၉ အပါအဝင် စိန်ခေါ်မှုများစွာရှိနေသည့် ယခုကာလတွင် လယ်ယာကဏ္ဍ သည် ထိခိုက်မှုအနည်းဆုံးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံမှုကို များစွာ အထောက်အကူပြုနိုင်လျက်ရှိသကဲ့သို့ နိုင်ငံတကာဈေးကွက် သို့လည်း တင်ပို့ပေးလျက် ရှိကြောင်း၊ သို့ဖြစ်၍ နိုင်ငံများအကြား ကုန်သွယ်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် နှင့် ကုန်သွယ်မှု အဟန့်အတားများ ဖြေလျှော့ နိုင်ရေး ကြိုးပမ်းသွားရန် လိုအပ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။



ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ဘင်းမ်စတက် စိုက်ပျိုးရေးအဆင့်မြင့် အရာရှိ ကြီးများ ဒုတိယအကြိမ် အစည်းအဝေး (2nd SOM-A) က တင်ပြလာသည့် အစီရင်ခံစာအား အတည်ပြုခြင်း၊ ဘင်းမ်စတက်စိုက်ပျိုးရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်း အစီအစဉ် (၂၀၂၃-၂၀၂၇)နှင့်စပ်လျဉ်း၍ အတည်ပြုခြင်း၊ ဘင်းမ်စတက် အဖွဲ့အစည်း နှင့် အပြည်ပြည်ဆိုင်ရာ စားနပ်ရိက္ခာနှင့် မူဝါဒ သုတေသနဆိုင်ရာ အဖွဲ့အစည်းတို့အကြား လက်မှတ်ရေးထိုးမည့်  နားလည်မှုစာချွန်လွာနှင့်စပ်လျဉ်း၍ အတည်ပြုခြင်း၊ တတိယ အကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ၏ ကျင်းပမည့် နေရာနှင့် နေ့ရက်ကို သတ်မှတ်ခြင်း၊ ဒုတိယအကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေး ၏ ပူးတွဲကြေညာချက်အား အတည်ပြုခြင်း တို့ကို ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။



အစည်းအဝေး ပထမနေ့တွင် ကျင်းပခဲ့သည့် ဘင်းမ်စတက် စိုက်ပျိုးရေးအဆင့်မြင့် အရာရှိ ကြီးများ ဒုတိယအကြိမ် အစည်းအဝေး Second Senior Official’s Meeting on Agriculture (2nd SOM-A) တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက် ပြီး အဋ္ဌမအကြိမ် ဘင်းမ်စတက် လယ်ယာစိုက်ပျိုးရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးအစီရင်ခံစာ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ များကို ပြန်လည် သုံးသပ်ခြင်း၊ နဝမအကြိမ် ဘင်းမ်စတက် လယ်ယာစိုက်ပျိုးရေးပူးပေါင်း ဆောင်ရွက်မှု ကျွမ်းကျင် ပညာရှင်များ အစည်းအဝေး အစီရင်ခံစာ ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ပြန်လည် သုံးသပ်ခြင်း၊ ဘုံစီမံကိန်း(၇)ခု၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ပြန်လည် သုံးသပ်ခြင်း၊ ဘင်းမ်စတက် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအစီ အစဉ် (၂၀၂၃-၂၀၂၇) အား ဆွေးနွေးခြင်း၊ ဘင်းမ်စတက်အဖွဲ့အစည်း နှင့် အပြည်ပြည်ဆိုင်ရာ စားနပ်ရိက္ခာနှင့်မူဝါဒသုတေသနဆိုင်ရာ အဖွဲ့အစည်း တို့အကြား လက်မှတ် ရေးထိုးမည့် နားလည်မှု စာချွန်လွာနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ငါးလုပ်ငန်းနှင့်မွေးမြူရေးကဏ္ဍခွဲအား ဒုတိယ အကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေး ဝန်ကြီးများ အစည်းအဝေး နှင့် ဒုတိယအကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေးအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးများ၏ ကြီးကြပ်မှု အောက်တွင် ထားရှိမှုနှင့် စပ်လျဉ်း ၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။