Background History
ဌာန၏နောက်ခံသမိုင်း

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ၁၈၈၈ ခုနှစ်တွင် မြေစာရင်းနှင့် စိုက်ပျိုးရေးဌာန (Department of Land Record and Agriculture) ကို ဖွဲ့စည်းပြီး မြေတိုင်းတာရေးနှင့် သီးနှံ စမ်းသပ်စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာမှ ၁၉၀၁ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးဌာနခွဲကို သီးခြားဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် ကျင်းပခဲ့သော ပြည်တော်သာညီလာခံကြီးတွင် ချမှတ်ခဲ့သည့် မြေယာကျေးလက်ကြီးပွားတိုးတက်ရေး စီမံကိန်းအရ ကျေးလက်ဒေသများ၌ လယ်ယာစီးပွားဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် (၂၀-၁၁-၁၉၅၂) ခုနှစ်မှ စတင်၍ လယ်ယာနှင့် သစ်တောဝန်ကြီးဌာန၏ အောက်တွင် မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်း (မြေ-ကျေး-ရှင်း) အား တည်ထောင်ခဲ့ပါသည်။

၁၉၅၇ ခုနှစ်တွင် မြေအသုံးချရေးဌာနခွဲကို ဖွဲ့စည်းခဲ့ပြီး မြေဆီလွှာထိန်းသိမ်းမှု ၊ မြေဆီလွှာစစ်တမ်းနှင့် သီးနှံပုံစံများကို တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် အထက်ဖော်ပြပါ စိုက်ပျိုးရေးဌာနခွဲ၊ မြေအသုံးချရေးဌာနခွဲနှင့် မြေယာကျေးလက်ကြီးပွားတိုးတက်ရေး ကော်ပိုရေးရှင်းတို့ကို ပေါင်းစည်းပြီး လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း အဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်း၍ အတိုကောက်အမည်အဖြစ် “လယ်-စိုက်-ရှင်း” ဟု ခေါ်ဆိုခဲ့ပါသည်။


လယ်-စိုက်-ရှင်း

ဤသို့ပေါင်းစည်းပြီးနောက် ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။ လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း အောက်တွင် ဦးဆောင်ညွှန်ကြားရေးမှူးမှ တာဝန်ခံ၍ တိုးချဲ့ရေးနှင့် ပညာပေးရေးဌာနခွဲ၊ နှစ်ရှည်သီးပင်များစိုက်ပျိုးရေးဌာနခွဲ၊ ဝယ်ယူဖြည့်တင်းဖြန့်ဖြူးရေးဌာနခွဲ၊ အသုံးချသုတေသနဌာနခွဲ၊ စိုက်ပျိုးရေးသုတေသနဌာနခွဲ၊ စီမံကိန်း စိစစ်သုံးသပ်အကြံပြုရေးဌာနခွဲ၊ စီမံခန့်ခွဲရေးဌာနခွဲ၊ ငွေစာရင်းဌာနခွဲနှင့် မြေအသုံးချရေးဌာနခွဲ စသည့် ဌာနခွဲ(၉)ခုတို့ဖြင့် လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်ရေးကို ဆောင်ရွက်ခဲ့ပါသည်။


မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (Myanmar Agriculture Service - MAS)
၁၉၈၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်းအား မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (Myanmar Agriculture Service – MAS)  အမည်သို့ ပြောင်းလဲခေါ်ဝေါ် ခဲ့ပါသည်။ ၁၉၉၂-၁၉၉၃ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (ရုံးချုပ်) အား ရန်ကင်းမြို့နယ်၊ စိုက်ပျိုးရေးလမ်း သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအောက်တွင် စိုက်ပျိုးရေးသုတေသနဌာနခွဲ၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ၊ မြေအသုံးချရေးဌာနခွဲ၊ မျိုးစေ့ဌာနခွဲ၊ စီမံကိန်းရေးဆွဲ စိစစ်သုံးသပ်ရေးဌာနခွဲ၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ စီမံခန့်ခွဲရေးဌာနခွဲ၊ ငွေစာရင်းဌာန ခွဲနှင့် ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲ တို့ဖြင့် လယ်ယာကုန်ထုတ် လုပ်မှုတိုးတက်ရေးကို ဆောင်ရွက်ခဲ့ပါသည်။
၂၀၀၆-၂၀၀၇ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (ရုံးချုပ်)အား  နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ပါသည်။


စိုက်ပျိုးရေးဦးစီးဌာန (Department of Agriculture - DOA)

၂၀၁၂ ခုနှစ်တွင် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာအရ အစိုးရဌာန အားလုံးကို စီးပွားရေးနှင့် ဆက်နွယ်သည့် လုပ်ငန်းများမှ ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ကြောင့် (၁၉.၁.၂၀၁၂) ရက်နေ့တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအား စိုက်ပျိုးရေးဦးစီးဌာန (Department of Agriculture - DOA) အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရ အဖွဲ့၏ ၂/၂၀၁၅ ကြိမ် မြောက်အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပေါင်းစည်း၍ စိုက်ပျိုးရေးဦးစီးဌာနအား ဌာနခွဲ (၁၅)ခု၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)နှင့် တိုင်းဒေသကြီး/ပြည်နယ်(၁၄) ခုတို့ ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ ပါသည်။