မြန်မာ့အော်ဂဲနစ်ထုတ်ကုန်များ နိုင်ငံတကာ စျေးကွက် သို့ ထိုးဖောက်၍ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်
  • Sat, 5 November 2022

မြန်မာ့အော်ဂဲနစ်ထုတ်ကုန်များ နိုင်ငံတကာ စျေးကွက် သို့ ထိုးဖောက်၍ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်


ပြည်တွင်း၌ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများ နှင့် အော်ဂဲနစ်စျေးကွက်ဖြစ်ပေါ်လာရေး၊ ထောက်ခံချက် များ ပါရှိသော မြန်မာ့အော်ဂဲနစ် ထုတ်ကုန်များ နိုင်ငံတကာ စျေးကွက်သို့ ထိုးဖောက်၍ စျေးကွက် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေရေး အတွက် မြန်မာ အော်ဂဲနစ် စံချိန် စံညွှန်း များ ကို ၂၀၁၉ ခုနှစ်၌ ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ လျှောက်ထားခြင်း၊ စစ်ဆေးခြင်း၊ ထောက်ခံ ချက် ပေးခြင်း၊ အော်ဂဲနစ်စနစ် ကျင့်သုံးခြင်းများ အတွက် လမ်းညွှန်ချက်များရေးဆွဲခြင်း ဆိုင်ရာ လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဒုတိယအကြိမ်အလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာလ၄ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ် ၄၃ ၌ ကျင်းပရာ စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုး၊ ညွှန်ကြားရေးမှူး ဦးမျိုးဇော် နှင့် တာဝန်ရှိသူများ၊ အော်ဂဲနစ်အဖွဲ့ အစည်းအသီးသီးမှ ကိုယ်စားလှယ် များ၊ အော်ဂဲနစ် စိုက်ပျိုး ထုတ်လုပ် သူများ၊ တက်ရောက် ကြပြီး ဒေသ အသီးသီးမှ အော်ဂဲနစ် စိုက်ပျိုး ထုတ်လုပ်ရေး စိတ်ဝင်စားသူများ က အွန်လိုင်း မှ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြ သည်။




        စိုက်ပျိုးရေးဦးစီးဌာန က ဦးဆောင်သည့် အော်ဂဲနစ် စိုက်ပျိုးရေးဆိုင်ရာနည်းပညာရှင်များ အဖွဲ့နှင့်အတူ စိုက်ပျိုးရေး တက္ကသိုလ်၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန အပါအဝင် ကဏ္ဍပေါင်းစုံမှ ပညာရှင်များ၊ ပညာရေးဝန်ကြီးဌာန၊ အမျိုးသား စံချိန်စံညွှန်းအဖွဲ့မှ ပညာရှင်များ ပူးပေါင်း၍ ထောက်ခံချက်ပေးရာတွင် လိုက်နာရမည့် အော်ဂဲနစ် ထောက်ခံချက် ပေးရေး လမ်းညွှန်ချက်နှင့် အော်ဂဲနစ် စိုက်ပျိုးရေး စစ်ဆေး ခြင်း ဆိုင်ရာ လမ်းညွှန်ချက်များကို အတည်ပြုနိုင် ခဲ့ပြီး ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပခဲ့ပြီး ဖြစ်သည်။



ယခုကျင်းပသည့် အော်ဂဲနစ်စနစ် ကျင့်သုံးခြင်းများ အတွက် လမ်းညွှန်ချက်များရေးဆွဲခြင်း ဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ၌ အော်ဂဲနစ် ထောက်ခံချက် လက်မှတ်များ ပေးအပ် နိုင်ရေး အတွက် လိုအပ်လျက် ရှိသော ထောက်ခံချက် ပေးရာ တွင် လိုက်နာရမည့် လမ်းညွှန်ချက်များ ၊ စစ်ဆေးရေးမှူးများ လိုက်နာရမည့် လမ်းညွှန်ချက်များ၊ စိုက်ပျိုးသူများ လိုက်နာ ရမည့် လမ်းညွှန်ချက်များ အား ဆက်လက်ရေးဆွဲရန် ကိစ္စရပ်များ၊ လမ်းညွှန်ချက်များ ထုတ်ပြန်ရာတွင် အော်ဂဲနစ် စိုက်ပျိုး ထုတ်လုပ်မှု ကွင်းဆက် တလျှောက် ပါဝင်နေသူများ သိရှိလိုက်နာရမည့် လမ်းညွှန်ချက် များ ဖြစ်စေရန် နှင့်  အမှားအယွင်း မရှိ စစ်မှန်သော အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှု စနစ်ကို ဖော်ဆောင် နိုင်ရန် ရိုးရှင်းလွယ်ကူစွာ နားလည်နိုင်ပြီး၊ စနစ်တကျ လိုက်နာနိုင်မည့် လမ်းညွှန်ချက်များ အတည်ပြု ထုတ်ပြန် နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။