ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
  • Thu, 4 April 2024

ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ


၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ထားရှိသော ဝါသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သုတေသနတွေ့ရှိချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်ရှိ ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေး (ရွှေတောင်)ခြံ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝါသီးနှံပညာရှင်များနှင့် သုတေသီများ တက်ရောက်ခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပေး လုပ်ငန်းများ၊ ဝါမျိုးရိုးဗီဇမြှင့်တင်ရေး၊ မျိုးမွေးမြူရေးနှင့် ဝါသီးနှံဇီဝကမ္မဆိုင်ရာ သုတေသန ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင်၍ တစိုက်မတ်မတ်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန်လိုအပ်ကြောင်း၊ ဝါသီးနှံ၏ အရည် အသွေးပိုင်းဆိုင်ရာလက္ခဏာများ မြှင့်တင်ကောင်းမွန်စေရေး၊ လက်တွေ့အသုံးချသုတေသန လုပ်ငန်းများ၊ မျိုးရွေးချယ်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ငန်းများတွင် ဝါတောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ သုတေသီပညာရှင်များနှင့် တောင်သူများ အတူယှဉ်တွဲလုပ်ကိုင်ဆောင်ရွက်ကြမှသာ ဝါသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဝါသုတေသနစင်တာ (Cotton Research Center) တစ်ရပ် ပီပီပြင်ပြင် ဖော်ထုတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် နေပြည်တော်၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးများရှိ မြို့နယ်ငါးခု တွင် ဆောင်ရွက်ထားရှိသော ဝါသီးနှံရှစ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ခဲ့မှုများ နှင့် စမ်းသပ်ကွက်များ၏ တွေ့ရှိချက်များကိုလည်းကောင်း၊ ဝါမျိုးတစ်မျိုးချင်းစီ၏ အရည် အချင်းလက္ခဏာများ၊ အထွက်နှုန်းများနှင့် ဝါသီးနှံတွင်ကျရောက်တတ်သည့် ပိုးမွှားရောဂါ များ၏ ခံနိုင်ရည်ရှိမှုကို တောင်သူများ လက်တွေ့လေ့လာနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု၊ ဝါဂွမ်းချည်နှင့် ချည်ထွက်ပစ္စည်း အရည်အသွေးကောင်းမွန်သည့် ဝါမျိုးများ၊ ဒေသရေ မြေရာသီဥတုနှင့် ကိုက်ညီသည့် အထွက်ကောင်း ဝါမျိုးများကို တောင်သူများ ရွေးချယ် စိုက်ပျိုးတတ်စေရေး နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဝါသီးနှံသုတေသနများနှင့် ဝါသီးနှံ ဇီဝကမ္မဆိုင်ရာ လေ့လာချက်များဆောင်ရွက်ခြင်း၊ ဝါသီးနှံမျိုးမွေးမြူရေး သုတေသီပညာရှင် များကို ဦးစားပေး၍ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေးအပါအဝင် ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်၍ ကဏ္ဍအလိုက် ဦးစားပေးအစီအစဉ်များဖြင့် ဆောင်ရွက်ရန်နှင့် တောင်သူများ နှင့် ပညာရှင်များ အကြားအလပ်မရှိဆောင်ရွက်ကြရန် လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။