ပြည်ပသို့ ကော်ဖီတိုးတက်တင်ပို့နိုင်ရေးနှင့် ကော်ဖီဧက တစ်သိန်း တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်
  • Sun, 28 April 2024

ပြည်ပသို့ ကော်ဖီတိုးတက်တင်ပို့နိုင်ရေးနှင့် ကော်ဖီဧက တစ်သိန်း တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်



ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ကော်ဖီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကော်ဖီကို လက်ရှိဈေးကွက်အပြင် ဈေးကွက်အသစ်သို့ တင်ပို့ရောင်းချပေးရန် အဆိုပြုဖိတ်ခေါ်မှုရှိလာသဖြင့် ပြည်တွင်းကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင်ရေးအတွက် လိုအပ်ချက်များကို မြန်မာနိုင်ငံကော်ဖီအသင်း၏ ဦးဆောင်မှုဖြင့် ကော်ဖီလုပ်ငန်းရှင်များစုဖွဲ့၍ စနစ်တကျ စီမံဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုနှင့် လက်ရှိပြည်ပတင်ပို့နေမှုများအပြင် ဈေးကွက်အသစ်သို့ တင်ပို့နိုင်ရန် ကော်ဖီတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရာ၌ ကော်ဖီစိုက်တောင်သူများ၊ ကော်ဖီလုပ်ငန်းရှင်များ၏ ရေရှည်အကျိုးစီးပွားနှင့် ကော်ဖီပို့ကုန်ကဏ္ဍတည်ငြိမ်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဈေးကွက်အလားအလာကို လေ့လာသုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကော်ဖီကဏ္ဍဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်က မူဝါဒများ ချမှတ်နိုင်ရေးနှင့် လိုအပ်သော ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရေးတို့ အတွက် ကော်ဖီစိုက်ပျိုးမှု၊ ထုတ်လုပ်မှု၊ တင်ပို့ရောင်းချမှုဆိုင်ရာ လိုအပ်သောကိန်းဂဏန်း စာရင်းဇယားများတိကျမှန်ကန်စွာ အသုံးပြုနိုင်ရေးကို မြန်မာနိုင်ငံကော်ဖီအသင်းအနေဖြင့် ပြင်ဆင်ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။


ရှင်းလင်းတင်ပြ


ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြည်တွင်း၌ လက်ရှိစိုက်ပျိုးလုပ်ကိုင်လျက်ရှိသော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် သက်ဆိုင်ရာဌာနများမှ ကောက်ယူထားသည့် စာရင်းများအရ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ကော်ဖီဆန်ထွက်ရှိမှု၊ ရောင်းချပြီးစီးမှုနှင့် ခန့်မှန်းလက်ကျန်စာရင်း၊ ကော်ဖီစေ့၊ ကော်ဖီမှုန့်၊ ကော်ဖီမစ်အမျိုးမျိုးတင်ပို့မှု၊ ကော်ဖီစိုက်ဧက တစ်သိန်း တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီး /ပြည်နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်စိုက်ဧရိယာ လျာထားချက်၊ ကော်ဖီခင်းများတွင် ကျရောက်လျက်ရှိသော ပင်စည်ထိုးပိုးကာကွယ်နှိမ်နင်းရေး ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ မြန်မာနိုင်ငံကော်ဖီအသင်းက ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်သည့်အချက်များ၊ ဈေးကွက်ဝေစု ရယူလိုသောနိုင်ငံများ၏ ကော်ဖီသောက်သုံးမှုနှင့် ကော်ဖီလိုအပ်ချက်၊ မြန်မာ့ကော်ဖီများ တင်ပို့နိုင်မည့် အလားအလာတို့ကို ရှင်းလင်းတင်ပြသည်။


ဈေးကွက်ချဲ့ထွင်နိုင်ရေး


ထို့နောက် မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌနှင့် ကော်ဖီလုပ်ငန်းရှင်များက ပြည်တွင်းကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လိုအပ်ချက်များနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။


နှစ်အလိုက်တိုးချဲ့စိုက်ပျိုး


မြန်မာ့ကော်ဖီကို ပြည်ပဈေးကွက်၏ ဝယ်လိုအားတောင်းဆိုမှု များမြင့်တက်လာလျက်ရှိနေသဖြင့် ကော်ဖီစိုက်ပျိုးသူ၊ ထုတ်လုပ်သူ၊ ရောင်းဝယ်သူများနှင့် လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက်တွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေအကျိုးအမြတ် အလားအလာကောင်းများရှိနေကြောင်း၊ ၂၀၂၂ - ၂၀၂၃ ခုနှစ် ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုစာရင်းများအရ တစ်နိုင်ငံလုံး၌ ကော်ဖီဧက ၅၀၀၀၀ ကျော် စိုက်ပျိုးလျက်ရှိရာ ပြည်ပပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အဓိကအသုံးပြု၍ ဘဏ္ဍာနှစ်အလိုက်တိုးချဲ့စိုက်ပျိုးပြီး စုစုပေါင်းကော်ဖီဧက တစ်သိန်းအထိ စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။