နေပြည်တော်ကောင်စီနယ်မြေ၌ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့်ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေး
  • Tue, 30 April 2024

နေပြည်တော်ကောင်စီနယ်မြေ၌ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့်ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေး


နေပြည်တော်ကောင်စီနယ်မြေ၌ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့်ဝါသီးနှံ စိုက်ပျိုး ထုတ်လုပ်မှုတိုးတက် မြင့်မားရေးညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဆီထွက်သီးနှံဇုန် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရက ဆီထွက်သီးနှံများအထွက်နှုန်းပြည့်ဝစွာ ထုတ်လုပ်နိုင်ရေးနှင့် ဝါစိုက်ပျိုးထုတ်လုပ်မှုတွင် အဆင့်မီသည့် ဝါဂွမ်းများထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်ကြရန် လမ်းညွှန်မှုပြုထားကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှ စားသုံးဆီတင်သွင်း မှုလျှော့ချနိုင်ရေးအတွက် ပြည်သူများနှစ်သက်စွာစားသုံးသည့် ဆီအမျိုးအစားနှင့်စားသုံးမှုပမာဏကိုလေ့လာ ပြီးဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုး၍ ပြည်တွင်းစားသုံးဆီဖူလုံရေးကို ကြိုးပမ်းလျက်ရှိကြောင်း။

သီးနှံများကို တစ်ဧကအထွက်နှုန်းအတိုင်း ပြည့်ဝစွာထွက်ရှိစေရန် သက်ဆိုင်ရာဌာနများနှင့်တာဝန် ရှိသူအဆင့်ဆင့်က မျိုး၊ မြေ၊ ရေ၊ နည်းလိုအပ်ချက်များကို စိုက်ပျိုးရာသီအလိုက် စနစ်တကျကြိုတင်စီမံ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အထူးသဖြင့် ရေ၊ မြေ၊ ရာသီဥတုအခြေအနေကောင်းများရှိနေပြီး ပညာရှင်အရင်းအမြစ်များ ပြည့်စုံလျက်ရှိသော နေပြည်တော်ကောင်စီနယ်မြေကို ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့်ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားသော‌စံပြဒေသအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် ယခုအစည်းအဝေးတွင် သက်ဆိုင်ရာကဏ္ဍများမှ အကြံပြုဆွေးနွေးကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသည့် မြေပဲ၊ နှမ်း၊ နေကြာနှင့်ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းများ ကိုရှင်းလင်းတင်ပြပြီး ဦးစီးဌာနအလိုက်တာဝန်ရှိသူများက ရေရရှိရေးလုပ်ငန်းများ၊ လယ်ယာသုံးစက်ကိရိ ယာအသုံးပြုနိုင်ရေး၊ မျိုးကောင်း မျိုးသန့် မျိုးစေ့အသုံးပြုနိုင်ရေးနှင့် သွင်းအားစုဓါတ်မြေဩဇာ အသုံးပြု နိုင်ရေးစီမံဆောင်ရွက်ထားရှိမှုများ၊ နည်းပညာပေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးရာသီအလိုက် လျာထားဧကပြည့် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်ရရှိရေး စီမံဆောင်ရွက်နေမှုများ၊ လုပ်ငန်းများအောင်မြင်ရေးအတွက် ဌာန၊ ပုဂ္ဂလိကနှင့် တောင်သူများပူးပေါင်းဆောင်ရွက်နေမှုလုပ်ငန်းများကို ရှင်းလင်းတင်ပြ ရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်ချက်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီ၌ မြေပဲဧက ၄၇၀၀၀ ကျော်၊ နှမ်းဧက ၈၀၀၀၀ ကျော်၊ နေကြာဧက ၄၆၀၀ ကျော် စုစုပေါင်း ဆီထွက်သီးနှံ ဧက ၁၃၀၀၀၀ ကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။