ရေဘေးသင့် စိုက်ပျိုးရေးဝန်ထမ်း (၁၁၀)ဦးအား ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်
  • Fri, 20 September 2024

ရေဘေးသင့် စိုက်ပျိုးရေးဝန်ထမ်း (၁၁၀)ဦးအား ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ်၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ရေဘေးသင့်ဝန်ထမ်းများ၊ နေပြည်တော် ကောင်စီနယ်မြေ ခရိုင်မြို့နှင့်နယ်စိုက်ပျိုးရေးဦးစီးဌာနများမှ ရေဘေးသင့် ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း ကို စက်တင်ဘာလ (၂၀)ရက်နေ့ ညနေပိုင်းက စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ(၁) ၌ ကျင်းပပြုလုပ်သည်။ 




ရေဘေးသင့်ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် ရေကြီး ရေလျှံမှုများ ကြောင့် မိမိတို့ဝန်ထမ်းများ၏ အိုးအိမ်ပစ္စည်းများ ထိခိုက်နစ်နာမှုဖြစ်ပေါ်ခဲ့ရခြင်းအပေါ် ထပ်တူပင်ဝမ်းနည်းရပါကြောင်း၊ ဦးစီးဌာနအနေဖြင့်လည်း သတင်း ရရှိသည်နှင့် တပြိုင်နက် အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်း၍ ရေဘေးသင့် ဒေသများသို့ ချက်ချင်းစေလွှတ်ဆောင်ရွက်ပေးခဲ့ကြရပါကြောင်း၊ သဘာဝဘေး အန္တရာယ် ကျရောက်ခဲ့ကြသော်လည်း မိမိတို့၏ သက်ဆိုင်ရာ တာဝန် ဝတ္တရားများကို လစ်ဟင်းမှူ မရှိစေပဲ မပျက်မကွက် ထမ်းဆောင်ပေးခဲ့ကြသည့် အတွက် မိမိတို့ဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်း၊ ယခုကဲ့သို့ ထောက်ပံ့ပစ္စည်း ထောက်ပံ့ငွေပေးအပ်ခြင်းသည် ရေဘေးသင့်ခံရသည့် မိမိတို့ဝန်ထမ်းများအတွက် တစ်ထောင့်တစ်နေရာမှ အင်အားတစ်ခုအဖြစ် ဖြည့်တင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။




ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် က ရေဘေးသင့်ဝန်ထမ်း (၁၁၀)ဦးအတွက် ဒယ်နီအိုး( ၁၁၀)အိုး၊ (၃)မိနစ်ရေနွေးအိုး (၁၁၀)အိုးနှင့် တစ်ဦးလျင် ထောက်ပံ့ငွေသား ကျပ်(၇၀၀၀၀)စီ ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။