၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Sat, 1 October 2022

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
(မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)
တင်ပြသူ - ဒေါ်စန္ဒာဝေ
   - မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
…………………………………………………………………………….............
မင်္ဂလာပါရှင်။
အခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်များ ဖြစ်ပါတယ်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ စက်တင်ဘာ လအတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့‌တဲ့ မိုးလေ၀သနဲ့ မြစ်ရေအခြေအနေများကို ဦးစွာ ပထမ တင်ပြလိုပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အနောက်တောင်မုတ်သုံလေ ဆုတ်ခွာခဲ့ပုံများကို တင်ပြ လိုပါတယ်။ အနောက်တောင်မုတ်သုံလေဟာ စက်တင်ဘာလ (၂၃)ရက်နေ့မှာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှ လည်းကောင်း၊ (၂၈)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက် ပိုင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှလည်းကောင်း ဆုတ်ခွာခဲ့ပြီး ဖြစ်ပါတယ်။




ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တို့မှာ မုတ်သုံလေအားနည်းခဲ့ပါတယ်။


 ပြီးခဲ့တဲ့ စက်တင်ဘာလ (၈)ရက်နေ့ မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန်မှာ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့မှာ ပထမအကြိမ်မြောက် လေဖိအားနည်းရပ်ဝန်းတစ်ခုစတင် ဖြစ်ပေါ်ခဲ့ပါ တယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ (၉)ရက်နေ့ မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်မှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ရောက်ရှိခဲ့ပြီး၊ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီ အချိန်မှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နဲ့ ဩရိဿ ပြည်နယ်တောင်ပိုင်းကမ်းခြေ)အနီးတို့သို့ ရောက်ရှိခဲ့ပါတယ်။


အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ (၁၀)ရက်နေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် မှာ ပိုမိုအားကောင်းလာကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိခဲ့ပါ တယ်။ အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်းဟာ (၁၁)ရက်နေ့ မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်မှာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိ တဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း ကမ်းလွန်နဲ့ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေ)အနီးတို့သို့ ရောက်ရှိခဲ့ပါတယ်။ မြန်မာ စံတော်ချိန် (၁၀:၃၀)နာရီအချိန်တွင် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမို အားကောင်းလာကာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေမှာ မုန်တိုင်းငယ်အဖြစ် သို့ ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကုန်းတွင်း၌ တဖြည်းဖြည်း အားလျော့သွားခဲ့ပါတယ်။  


စက်တင်ဘာလ (၁၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်မှာ ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့တွင် ဒုတိယ အကြိမ်မြောက် လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပါတယ်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ (၂၀)ရက်နေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်မှာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့သို့ ရောက်ရှိခဲ့ပါတယ်။ မြန်မာ စံတော်ချိန် (၁၈:၃၀)နာရီအချိန်မှာ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားကာ တဖြည်း ဖြည်း အားလျော့သွားခဲ့ပါတယ်။


     ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ ကယားပြည်နယ်တွင် ရွာသွန်းမြဲထက် ပိုခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းကာ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့်နဲ့ မိုးထစ်ချုန်းရွာသွန်းခဲ့ပါတယ်။


မိုးရွာရက်များ အနေနဲ့ကလည်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်း‌‌ဒေသကြီးနဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ (၉)ရက်မှ (၁၅)ရက်အထိနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁၆)ရက်မှ (၂၅)ရက်အထိ မိုးထစ်ချုန်းရွာသွန်းခဲ့ပါတယ်။


မိုးရေချိန်စံချိန်သစ်များအနေနဲ့ကတော့ စက်တင်ဘာလ (၁၁)ရက်နေ့မှာ နေပြည်တော်(ဥတ္တရ သီရိမြို့နယ်)မှာ မိုးရေချိန်စံချိန်သစ် တင်ခဲ့ပါတယ်။




အမြင့်ဆုံးအပူချိန် စံချိန်သစ်များအနေနဲ့ကတော့ သြဂုတ်လ(၃၁)ရက်နေ့က ပလက်ဝမြို့နဲ့ မှော်ဘီ(လေကြောင်းမိုးလေဝသ)၊ စက်တင်ဘာလ(၁)ရက်နေ့မှာ မန္တလေးမြို့၊ (၂)ရက်နေ့မှာ ဖျာပုံမြို့၊ (၄)ရက်နေ့မှာ ညောင်ဦးမြို့နှင့် (၈)ရက်နေ့မှာ ကျောက်ဖြူမြို့တို့မှာ အမြင့်ဆုံးအပူချိန် စံချိန်သစ်များ တင်ခဲ့ပါတယ်။



အနိမ့်ဆုံးအပူချိန် စံချိန်သစ်အနေနဲ့ကလည်း စက်တင်ဘာလ (၁၄)ရက်နေ့မှာ စစ်တွေမြို့ မှာ အနိမ့်ဆုံးအပူချိန်စံချိန်သစ် တင်ခဲ့ပါတယ်။



ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြစ်ရေအခြေအနေမှာ မယ်ဆိုင်မြစ်ရေဟာ တာချီလိတ် မြို့ (လွယ်တော်ခမ်းရပ်ကွက်)တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် (၃၉၀)စင်တီမီတာအထက်သို့ (၁၁. ၉.၂၀၂၂)ရက်နေ့ (၀၀:၂၀)နာရီအချိန်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ အဆိုပါမြစ်ရေသည် (၁၁.၉. ၂၀၂၂)ရက်နေ့ (၀၆:၃၀)နာရီအချိန်မှာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အောက်သို့ပြန် လည်ရောက်ရှိခဲ့ ပါတယ်။ (၁၁.၉.၂၀၂၂)ရက်နေ့ (၀၁:၁၅)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေမှတ် သည် စိုးရိမ် ရေမှတ်အထက် (၄)ပေခန့် ကျော်လွန်ရောက်ရှိခဲ့ပြီး စက်တင်ဘာလအတွင်း အမြင့်ဆုံးရေ အမှတ် ဖြစ်ခဲ့ပါတယ်။ အဆိုပါ မြစ်ရေသည် (၁၁.၉.၂၀၂၂)ရက်နေ့ (၀၆:၃၀)နာရီအချိန်မှာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အောက်သို့ပြန်လည် ရောက်ရှိခဲ့ပါတယ်။


မယ်ဆိုင်မြစ်ရေဟာ တာချီလိတ်မြို့ (လွယ်တော်ခမ်းရပ်ကွက်)တွင် ယင်းမြို့၏ စိုးရိမ် ရေ မှတ် (၃၉၀) စင်တီမီတာသို့ (၂၃.၉.၂၀၂၂)ရက်နေ့ (၁၁:၀၅)နာရီအချိန်မှာ ဒုတိယကြိမ် ရောက်ရှိ ခဲ့ပါတယ်။ အဆိုပါမြစ်ရေသည် (၂၃.၉.၂၀၂၂)ရက်နေ့ (၁၁:၁၀)နာရီအချိန်မှာ ယင်းမြို့၏ စိုးရိမ် ရေမှတ် အောက်သို့ပြန် လည်ရောက်ရှိခဲ့ပါတယ်။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလအတွင်း မယ်ဆိုင် မြစ်ပေါ်ရှိ တာချီလိတ်မြို့ (လွယ်တော်ခမ်းရပ်ကွက်)အတွက် မြစ်ရေကြီးခြင်းသတိပေးချက် (၂)ကြိမ် နှင့် မြစ်ရေကြီးမှုအခြေအနေ သတင်း (၁)ကြိမ်ထုတ်ပြန်ပေးခဲ့ပါတယ်။
ယခုဆက်လက်ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ဖြစ်ပေါ်နိုင်တဲ့ မိုးလေ၀သနဲ့ ဇလဗေဒခန့်မှန်းချက်များကို ဆက်လက်တင်ပြလိုပါတယ်။


ဘင်္ဂလားပင်လယ်အော်အခြေအနေခန့်မှန်းချက်အနေနဲ့ကတော့ ဘင်္ဂလားပင်လယ်အော် မှာ လေဖိအားနည်းရပ်‌၀န်း (၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်း ငယ်အဖြစ်သို့ ‌ရောက်ရှိနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ လ (၃ - ၇)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊ အောက်တိုဘာလ (၈ - ၁၂) ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှလည်းကောင်း ဆုတ်ခွာသွား ဖွယ်ရာရှိပါတယ်။ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားအနည်းငယ် ရှိနိုင်ပါတယ်။

မိုးအခြေအနေခန့်မှန်းချက်အနေနဲ့ကတော့  နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ ရွာသွန်း မြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။


    မိုးရွာရက် ခန့်မှန်းချက်အနေနဲ့ကတော့ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ မှာ (၁၉)ရက်မှ (၂၂)ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက် ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ် တို့တွင် (၁၅)ရက်မှ (၁၈)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့အရှေ့ပိုင်း)တို့မှာ(၁၁)ရက်မှ (၁၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။


မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလအတွင်း ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့ များ၏ စိုးရိမ်ရေမှတ် အသီးသီးသို့ ရောက်ရှိနိုင်ပါတယ်။
အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမယ့် အောက်တိုဘာလဟာ မိုးလွန်ကာလ ဖြစ်သည့်အလျောက် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နိုင်သေးတဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းများကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ အရှေ့လေပွေလှိုင်းများ မြန်မာ နိုင်ငံတောင်ပိုင်းဒေသများသို့ တိုးဝင်တဲ့ အခါမှာလည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာတဲ့ အနောက်လေပွေလှိုင်းများ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ တိုးဝင်တဲ့အခါမှာလည်းကောင်း၊ မွန်းလွဲ/ညနေပိုင်းမှာ ဖြစ်ပေါ်တက်တဲ့ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်တက်တဲ့ တိုင်ဖုန်းမုန်တိုင်းရဲ့ တိမ်တိုက် အကြွင်းအကျန်များ မြန်မာနိုင်ငံဘက်ဆီသို့ ရွေ့လျားလာတဲ့အခါမှာ လည်းကောင်း၊ မြန်မာနိုင်ငံ အရပ်ရပ်မှာ အခါလွန်မိုးများ၊ မုန်တိုင်းမိုးများ ထစ်ချုန်းရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုး ပစ်ခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသေးတယ်။ အထူးသဖြင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ ပြည်တွင်း ရေကြောင်းသွားလာရေး၊ ကမ်းရိုးတန်းသွား သင်္ဘောများ၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များအနေဖြင့် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နိုင်တဲ့ လေဖိအား နည်းရပ်ဝန်းနဲ့ မုန်တိုင်းသတင်းများကို နားထောင်ပြီး အထူးဂရုပြု သွားလာစေလိုပါတယ်။


အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်၍ ကြိုတင်သတိပေးချက်၊ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေး ညီထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။
    မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezela.gov.mm သို့လည်းကောင်း၊ မိုးလေဝသ နဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်း စာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယို များမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ် ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။


    ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေရှင်…………