၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Sun, 1 January 2023

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
(မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်း)

တင်ပြသူ -  ဦးထက်ဝေထွန်း
-    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မင်္ဂလာပါခင်ဗျာ------------
ယခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွက် မိုးလေဝသနဲ့ ဇလဗေဒ ခန့်မှန်းချက်များ ဖြစ်ပါတယ်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသနဲ့ မြစ်ရေ အခြေအနေများကို ဦးစွာပထမ တင်ပြလိုပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ ဒီဇင်ဘာလ (၅)ရက်နေ့မှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ (၆)ရက်နေ့မှာတော့ ပိုမို အားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ အားကောင်းတဲ့ လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ လည်းကောင်း၊ ညပိုင်းမှာတော့ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊  (၇)ရက်နေ့ မှာတော့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့မှာ အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ (၈)ရက်နေ့မှာ တော့ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း “မန်းဒပ်(စ်)” အဖြစ်သို့ လည်းကောင်း၊ ညပိုင်းမှာတော့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မန်းဒပ်(စ်)” အဖြစ်သို့လည်း ကောင်း ရောက်ရှိခဲ့ပါတယ်။ ဒီဇင်ဘာလ (၉)ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်း (အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းကမ်းလွန်-ပူဒူချယ်ရီကမ်းခြေ)မှာ ဆိုင်ကလုန်း မုန်တိုင်း “မန်းဒပ်(စ်)” အဖြစ်သို့အားလျော့သွားခဲ့ကာ၊ (၁၀)ရက်နေ့ မနက်ပိုင်းမှာတော့ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မန်းဒပ်(စ်)”ဟာ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ် လျက်ရှိတဲ့ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေကို ပူဒူချယ်ရီမြို့နဲ့ စရီဟာရီခိုတမြို့တို့အကြား မဟဘာလီပူရမ်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။

    ဒီဇင်ဘာလ (၁၄)ရက်နေ့ ညပိုင်းမှာ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနဲ့ ယင်းနဲ့ဆက်စပ် လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ (၂၁)ရက် နေ့မှာ ပိုမိုအားကောင်းလာခဲ့ပြီး ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ် လျက်ရှိတဲ့ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတို့မှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ (၂၂)ရက်နေ့မှာတော့ ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း ရောက်ရှိခဲ့ပြီး အဆိုပါ မုန်တိုင်းငယ် ဟာ (၂၅)ရက်နေ့မှာတော့ သီရိလင်္ကာနိုင်ငံကို ထရီကိုမာလီမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ ကိုမိုရင်းဧရိယာအနီးတစ်ဝိုက်သို့ ရောက်ရှိခဲ့ ပါတယ်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းခဲ့ပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်ခဲ့ကာ၊ ကျန်ဘင်္ဂလား ပင်လယ်အော်တို့မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါတယ်။

    မိုးရွာသွန်းမှု အခြေအနေများမှာ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ ရွာသွန်းမြဲထက် ပိုခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာ သွန်းမြဲအောက် လျော့နည်းခဲ့ကာ မိုးရွာသွန်းခဲ့ပါတယ်။
မိုးရွာရက်များ အနေနဲ့ကလည်း ရန်ကုန်တိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ (၃)ရက်မှ (၆)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁)ရက်မှ (၂)ရက် မိုးထစ်ချုန်းရွာသွန်းခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက် ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ မိုးရွာသွန်းခဲ့ခြင်း မရှိတာကိုတွေ့ရပါတယ်။

    ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ညအပူချိန် အခြေအနေများကို တင်ပြလိုပါတယ်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒီဇင်ဘာလရဲ့ ပုံမှန်အပူချိန်ထက် ပိုခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ချင်းပြည်နယ် တို့မှာ ဒီဇင်ဘာလရဲ့ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့ပါတယ်။

    မြူအခြေအနေကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ (၂၄)ရက်မှ (၂၈) ရက်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ တောင်ပိုင်း)နဲ့ မွန်ပြည်နယ်တို့မှာ (၁၇)ရက်မှ (၂၁)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ (၁၁)ရက်မှ (၁၆) ရက်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ (၉)ရက်မှ (၁၁)ရက်နဲ့ မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူး တိုင်းဒေသကြီး(အရှေ့ပိုင်း)တို့မှာ (၂)ရက်မှ (၅)ရက် နံနက်ပိုင်း အချိန်တွေမှာ မြူထူများဆိုင်းခဲ့ပြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တို့မှာ မြူဆိုင်းခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။
    
    အမြင့်ဆုံးအပူချိန် စံချိန်သစ်များ အနေနဲ့ကတော့ ဒီဇင်ဘာလ (၁)ရက်နေ့မှာ ချောက်မြို့၊ စစ်ကိုင်းမြို့၊ ရမည်းသင်းမြို့၊ ဆင်ဖြူကျွန်းမြို့၊ မြောင်းမြမြို့၊ တံတားဦး(လေကြောင်း မိုးလေဝသ)၊ ပျဉ်းမနားမြို့၊ ညောင်ဦးမြို့၊ မန္တလေးမြို့၊ ရွှေဘိုမြို့၊ လွန်ကျော်မြို့၊ မုံရွာမြို့၊ သီပေါမြို့နဲ့ ကျောက်မဲ မြို့၊ (၂)ရက်နေ့မှာတော့ တောင်ငူ(လေကြောင်းမိုးလေဝသ)၊ ဧလာ(လေဆိပ်)၊ ရမည်းသင်းမြို့၊ ပခုက္ကူမြို့၊ ပျဉ်းမနားမြို့၊ နေပြည်တော်(ဥတ္တရသီရိမြို့နယ်)နဲ့ မင်းကင်းမြို့၊ (၃)ရက်နေ့မှာတော့ ဘော်လခဲမြို့၊ တပ်ကုန်းမြို့၊ ဇေယျာသီရိမြို့နယ်(ရေဆင်း)၊ အမ်းမြို့၊ တံတားဦး(လေကြောင်း မိုးလေဝသ)၊ မင်းဘူးမြို့၊ ညောင်ဦးမြို့နဲ့ မုံရွာမြို့၊ (၄)ရက်နေ့မှာတော့ ဘော်လခဲမြို့၊ တောင်ငူ (လေကြောင်းမိုးလေဝသ)၊ ပျဉ်းမနားမြို့နဲ့ ဗန်းမော်မြို့၊ (၅)ရက်နေ့မှာတော့ တောင်တွင်းကြီးမြို့နဲ့ ညောင်ဦးမြို့တို့မှာ အမြင့်ဆုံး အပူချိန်စံချိန်သစ်များ တင်ခဲ့ပါတယ်။




ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မြစ်ရေအခြေအနေများမှာ ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာ ယင်းမြို့ရဲ့ ရေနည်းသတိပေးမှတ် (၃၆၀)စင်တီမီတာအောက်သို့ (၁.၁၂.၂၀၂၂)ရက်နေ့ (၁၈:၃၀)နာရီ အချိန်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ အဆိုပါမြစ်ရေဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း (၂)ပေခန့် ကျဆင်းခဲ့ကာ ရေနည်းသတိပေးမှတ်အောက်မှာ ဆက်လက်တည်ရှိနေပါတယ်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ လအတွင်း မန္တလေးမြို့ရဲ့ ဧရာဝတီမြစ်ရေ ရေနည်းမည့်အခြေအနေသတင်း (၃)ကြိမ် ထုတ်ပြန်ပေး ခဲ့ပါတယ်။

ယခုဆက်လက်ပြီး လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွက် မိုးလေဝသနဲ့ ဇလဗေဒ ခန့်မှန်းချက်များကို တင်ပြလိုပါတယ်။

ဘင်္ဂလားပင်လယ်အော် အခြေအနေ ခန့်မှန်းချက် အနေနဲ့ကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါတယ်။ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းမှာ အများအားဖြင့် သာယာနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလား ပင်လယ်အော်တို့မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

မိုးအခြေအနေ ခန့်မှန်းချက်များအနေနဲ့ကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ ရွာသွန်းမြဲ ထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။

မိုးရွာရက်ခန့်မှန်းချက်အနေနဲ့ကလည်း တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ (၄)ရက်မှ (၇)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁)ရက်မှ (၃)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။

    ညအပူချိန်ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ဧရာ၀တီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဇန်နဝါရီလ ပုံမှန်အပူချိန်ရဲ့ (၁.၅)ဒီဂရီ စင်တီဂရိတ်နဲ့အထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနဲ့ တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဇန်နဝါရီလ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါတယ်။

မြူအခြေအနေ ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)နဲ့ မွန်ပြည်နယ်တို့မှာ (၁၈)ရက်မှ (၂၅)ရက်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ (၁၀)ရက်မှ (၁၇)ရက်ခန့်နဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ (၂)ရက်မှ (၉)ရက်ခန့် နံနက်ပိုင်းအချိန်များမှာ မြူထူများ ဆိုင်းနိုင်ပါတယ်။

မြစ်ရေအခြေအနေခန့်မှန်းချက်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဧရာ၀တီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နဲ့ ကသာမြို့တို့မှာ ပေဝက်မှ (၁)ပေခန့် လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်ပြီး၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တို့မှာ ပေဝက်မှ (၁)ပေခန့် နဲ့ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁)ပေခွဲမှ (၂)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။
ချင်းတွင်းမြစ်ရေဟာလည်း ခန္တီးမြို့၊ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၁)ပေမှ (၂)ပေခန့် လက်ရှိ ရေမှတ်များအောက် ကျဆင်း လာနိုင်ပါတယ်။

ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ပေဝက်မှ (၁)ပေခန့်၊ မြစ်သာ မြစ်ရေဟာ ကလေးမြို့မှာ (၁)ပေခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ ပေဝက်မှ (၁)ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ပေဝက်ခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ပေဝက်ခန့်စီ၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့နဲ့ ဘားအံမြို့တို့မှာ (၁)ပေခန့်စီ၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ပေဝက်မှ (၁)ပေခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ပေခန့်၊ ကုလားတန်မြစ်ရေ ဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့တို့မှာ ပေဝက်ခန့်စီ၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ ပေဝက်ခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမည့်ဇန်နဝါရီလဟာ အေးပြီးခြောက်သွေ့တဲ့ ရာသီရဲ့ အလယ်ကာလ ဖြစ်ပါတယ်။ လာမည့် ဇန်နဝါရီလအတွင်း မိုးလေဝသဖြစ်စဉ်များ အနေနဲ့ ကတော့ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများကြောင့် လည်းကောင်း၊ ကပ္ပလီ ပင်လယ်ပြင်နဲ့ဘင်္ဂလား ပင်လယ်အော်တို့မှ လေနွေးများနဲ့ တရုတ်ပြည်မကြီးမှ တိုးဝင်လာတဲ့ လေအေးများ တွေ့ဆုံမှုကြောင့် လည်းကောင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ခြင်းများ ရှိလာနိုင် တဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အထူးဂရုပြုရန်လိုအပ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ညအပူချိန်များလည်း ကျဆင်းနိုင်တဲ့အတွက် တစ်ခါတစ်ရံ အအေးပိုနိုင်ပါတယ်။ နောက်ဖြစ်စဉ်အနေနဲ့ကတော့ မြူထူကျဆင်းခြင်းကြောင့် အဝေးမြင်တာ လျော့နည်းလာခြင်းနဲ့ မြစ်ရေများလျော့နည်းလာခြင်း အခြေအနေများကြောင့် ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ လေကြောင်း ပျံသန်းရေးတို့မှာ အထူးဂရုပြု သွားလာကြရန် လိုအပ်ပါတယ်။

ဒီရာသီကာလအတွင်း ပြည်တွင်းလေကြောင်းပျံသန်းရေးမှာ ဂရုပြုရမည့်အချက်တွေကတော့ လေယာဉ်ပျံများအပေါ် ရေခဲခြင်း (Air Craft Icing)နဲ့ အထူးသဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ များမှာ အားကောင်းတဲ့ အထက်၊ အောက်လေစီးကြောင်းများ (Vertical Gales)များ တိုက်ခတ် တတ်ခြင်း၊ အထက်လေထုအတွင်း အားကောင်းတဲ့ အနောက်လေစီးကြောင်းများ (Westerly Jets) များ တွေ့ကြုံရတတ်ခြင်း၊ အရှေ့လေပြင်းများ တိုက်ခတ်ခြင်း စသည်တို့ ဖြစ်တတ်ပါတယ်။

အဲ့ဒီလိုထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင် သတိပေးချက်၊ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876(ext no 5)သို့ လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှာ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FMရေဒီယိုများမှတဆင့် မိုးလေဝသနှင့် ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။