၂၀၂၃ ခုနှစ်၊ ဇွန်လအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Fri, 16 June 2023

၂၀၂၃ ခုနှစ်၊ ဇွန်လအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


တင်ပြသူ -  ဒေါ်စန္ဒာဝေ
   -  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
……………………………………………………………………………................................................


မင်္ဂလာပါရှင်-


အခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၃ ခုနှစ်၊ ဇွန်လ လပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ခန့်မှန်းချက်များ ဖြစ်ပါတယ်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ မေလအတွင်း မြန်မာနိုင်ငံ အရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေ၀သအခြေအနေများကို ဦးစွာပထမ တင်ပြလိုပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၅)ရက်နေ့မှာ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်း ဒေသများ၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့လည်းကောင်း၊ မေလ (၃၀)ရက်နေ့မှာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများနဲ့ ဘင်္ဂလားပင်လယ်အော်အနောက်တောင် ပိုင်းသို့လည်းကောင်း ဝင်ရောက်ခဲ့ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ မေလ(၈)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ဆက် စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ ပါတယ်။ (၉)ရက်နေ့ နံနက်ပိုင်းမှာ ပိုမိုအားကောင်းလာကာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း အဖြစ်သို့လည်းကောင်း၊ ညပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ (၁၀)ရက်နေ့ နံနက်ပိုင်းမှာ မုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ (၁၁)ရက်နေ့ နံနက်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”(MOCHA) အဖြစ်သို့ လည်းကောင်း၊ ညပိုင်းမှာ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း“မိုခါ” (MOCHA)အဖြစ်သို့လည်းကောင်း၊ (၁၂)ရက်နေ့  နံနက်ပိုင်းမှာ မြောက် ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” (MOCHA)အဖြစ်သို့လည်းကောင်း၊ ညနေပိုင်းမှာ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ ပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ကာ (၁၃)ရက်နေ့၊ နံနက်အစောပိုင်းမှာ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၌ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်း “မိုခါ”(MOCHA) အဖြစ်သို့လည်းကောင်း ရောက်ရှိခဲ့ပါတယ်၊၊ ထို့နောက် (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂:၃၀)နာရီ အချိန်တွင် မုန်တိုင်း၏ ဗဟိုချက်သည် ရခိုင်ကမ်းရိုးတန်းဒေသကို စစ်တွေမြို့အနီးမှ အလွန့် အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။

ဆက်လက်၍ အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ဟာ မြောက်-အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန်မှာ အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)အဖြစ်သို့ အားလျော့သွားခဲ့ကာ ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးမှလည်းကောင်း၊ မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန်တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)အဖြစ်သို့ အားလျော့သွားခဲ့ကာ ချင်းပြည်နယ်၊ မတူပီမြို့ အနီးမှလည်းကောင်း ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။ ထို့နောက် (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)အဖြစ်သို့ အားလျော့သွားခဲ့ပြီး မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှလည်းကောင်း၊ မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန်မှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးမှလည်းကောင်း ဖြတ်ကျော်ခဲ့ကာ တရုတ်-မြန်မာနယ်စပ်တွင် မုန်တိုင်းငယ်အဖြစ် အားလျော့ သွားခဲ့ပြီးနောက် မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင် တရုတ်နိုင်ငံအတွင်း လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ အားလျော့သွားခဲ့ပါတယ်။

ပြီးခဲ့သည့် မေလ ပထမ(၁၀)ရက်ပတ်၊ ဒုတိယ(၁၀)ရက်ပတ်နဲ့ တတိယ(၁၀)ရက်ပတ်၏ ရှေ့ရက်များမှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်ထူ ထပ်ခဲ့ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်ခဲ့ကာ၊ ကျန် ဘင်္ဂလား ပင်လယ်အော်မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ တတိယ(၁၀) ရက်ပတ် နောက်ပိုင်းရက်များမှာ ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ မုတ်သုံ လေ အားအသင့်အတင့်မှ အားကောင်းခဲ့ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်မှ တိမ် အသင့်အတင့် ဖြစ်ထွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ရွာသွန်းမြဲထက်ပိုခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ရွာသွန်းမြဲခန့်နဲ့ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက်လျော့နည်းကာ မိုးထစ်ချုန်း ရွာသွန်းခဲ့ပါတယ်။

မိုးရွာရက်များအနေနဲ့ကလည်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ (၅)ရက်မှ (၁၀)ရက်၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ (၁၁)ရက်မှ (၁၆)ရက် မိုးထစ်ချုန်းရွာခဲ့ပါတယ်။
    နေ့အပူချိန်များအနေနဲ့ကတော့  နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့မှာ မေလရဲ့ ပုံမှန်အပူချိန်တို့ထက် ပိုခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့ မှာ မေလရဲ့ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့ပါတယ်။

အမြင့်ဆုံးအပူချိန်စံချိန်သစ်များအနေနဲ့ကတော့ မေလ(၆)ရက်နေ့နဲ့ (၇)ရက်နေ့မှာ ဇောင်းတူ မြို့မှာ (၂)ကြိမ်၊ (၈)ရက်နေ့မှာ ကျောက်ဆည်(လွန်ကျော်)၊ တမူးမြို့နဲ့ ဗန်းမော်မြို့၊ (၉)ရက်နေ့မှာ ဖလမ်းမြို့နှင့် (၁၀)ရက်နေ့မှာ တမူးမြို့မှာ နောက်ထပ်(၁)ကြိမ် အမြင့်ဆုံးအပူချိန်စံချိန်သစ်များ တင်ခဲ့ပါတယ်။




အနိမ့်ဆုံးအပူချိန်စံချိန်သစ် အနေနဲ့ကတော့ မေလ(၁၅)ရက်နေ့မှာ ဟားခါးမြို့၊ ကလေးဝမြို့၊ ကလေးမြို့၊ ကန့်ဘလူမြို့နဲ့ ကျောက်တော်မြို့၊ (၁၆)ရက်နေ့မှာ နမ့်စန်မြို့နဲ့ ကျောက်တော်မြို့မှာ နောက်ထပ်(၁)ကြိမ်နဲ့ (၂၂)ရက်နေ့မှာ နမ့်စန်မြို့မှာ နောက်ထပ်(၁)ကြိမ် အနိမ့်ဆုံးအပူချိန်စံချိန်သစ် များ တင်ခဲ့ပါတယ်။




မိုးရေချိန်စံချိန်သစ်များအနေနဲ့ကတော့ မေလ (၁၃)ရက်နေ့မှာ ညောင်ဦးမြို့၊ (၁၄)ရက်နေ့မှာ ချောက်မြို့နဲ့ ဆင်ဖြူကျွန်းမြို၊ (၁၅)ရက်နေ့မှာ ရေဦးမြို့၊ ဂန့်ဂေါမြို့နဲ့ ကန့်ဘလူမြို့နဲ့ (၃၀)ရက်နေ့ မှာ ဟဲဟိုးမြို့မှာ မိုးရေ ချိန်စံချိန်သစ်များ တင်ခဲ့ပါတယ်။




အခုဆက်လက်ပြီး လာမယ့် ဇွန်လအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်များကို တင်ပြပါ့မယ်။
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ အနောက်တောင်မုတ်သုံလေဟာ ဇွန်လ (၃ - ၆)ရက် နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်း၊ ဇွန်လ (၇ - ၁၀)ရက်နေ့အတွင်း မြန်မာ နိုင်ငံတစ်ဝန်းလုံးသို့လည်းကောင်း အသီးသီးဝင်ရောက်နိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း(၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာ ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ အားအသင့်အတင့်မှ အားကောင်းနိုင် ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ အားအသင့်အတင့် ရှိနိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာ နိုင်ပါတယ်။
    မိုးရွာရက်များအနေနဲ့ကလည်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၂၂)ရက်မှ (၂၈)ရက်ခန့်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသ ကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ (၁၅)ရက်မှ (၂၁)ရက်ခန့်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ (၈)ရက်မှ (၁၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

    မြစ်ရေအခြေအနေမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ (၁၃)ပေမှ (၁၅)ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁၁)ပေမှ (၁၃)ပေခန့် လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၁၃)ပေမှ (၁၅)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာ နိုင်ပါတယ်။
မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၈)ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့နဲ့ ရွှေစာရံတို့မှာ (၃)ပေမှ (၅)ပေခန့်၊ မြစ်ငယ်မြို့မှာ (၁၀)ပေခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့ တို့မှာ (၃)ပေမှ (၅)ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၃)ပေခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူ မြို့နဲ့ ပဲခူးမြို့တို့မှာ (၆)ပေမှ (၈)ပေခန့်၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့နဲ့ ဘားအံမြို့တို့မှာ (၇) ပေမှ (၉)ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၄)ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်း မြို့မှာ (၁၀)ပေခန့်၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၂)ပေမှ (၄)ပေခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့ မှာ (၄)ပေခန့်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့တို့မှာ (၃)ပေမှ (၈)ပေခန့်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ (၃)ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၈)ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။    
အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမည့်ဇွန်လဟာ ရာသီကာလအပိုင်းအခြားအနေနဲ့ မိုးဦးကာလသို့ရောက်ရှိလာပြီဖြစ်ပါတယ်။ မိုးဦးကာလသတ်မှတ်ပုံအနေနဲ့ကတော့ အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်သည့်အချိန်မှ ဇွန်လကုန်အထိဖြစ်ပါတယ်။ အနောက် တောင်မုတ်သုံလေဟာ ဇွန်လ ပထမ (၁၀)ရက်ပတ်အတွင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ ဝင်ရောက် သွားဖွယ်ရာရှိပြီး မုတ်သုံဝင်စကာလမျိုးမှာ ဖြစ်ပေါ်တတ်တဲ့ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်း၊ မိုးထစ်ချုန်းခြင်းနှင့်အတူ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်ပါ သဖြင့် လေကြောင်းပျံသန်းရေး၊ ရေကြောင်းသွားလာရေး၊ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်များနဲ့ လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်သူများအနေဖြင့် ကြိုတင်သတိပြုဖို့ လိုအပ်ပါတယ်။ မုတ်သုံလေ ဝင်ရောက်ပြီးနောက် အဆိုပါ ဖြစ်စဉ်များဟာ တဖြည်းဖြည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဇွန်လအတွင်း မြစ်ရေတိုးလာနိုင်သည့်အတွက် မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ပါကြောင်းနဲ့ မြစ်ရေနည်းစဉ် သဲသောင်ခုံများမှာ စိုက်ပျိုးနေထိုင်ကြသူများအနေဖြင့်လည်း ဂရုပြုနေထိုင်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။
    အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနှင့် ပတ်သက်၍ ကြိုတင် သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။
မိုးလေဝသ၊ ဇလဗေဒသတင်းများနှင့် ပတ်သက်၍ သိရှိလိုပါက မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့ လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FMရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ် ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်...။