၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Tue, 24 October 2023

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


တင်ပြသူ - ဒေါ်စန္ဒာဝေ

   - မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

……………………………………………………………………………..............................................

မင်္ဂလာပါရှင်။

အခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်များ ဖြစ်ပါတယ်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့‌တဲ့ မိုးလေ၀သနဲ့ မြစ်ရေအခြေအနေများကို ဦးစွာ ပထမ တင်ပြလိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အနောက်တောင်မုတ်သုံလေ ဆုတ်ခွာခဲ့ပုံများကို တင်ပြလိုပါတယ်။ အနောက်တောင်မုတ်သုံလေဟာ စက်တင်ဘာလ (၁၆)ရက်နေ့မှာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ လည်းကောင်း၊ (၂၄)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှလည်းကောင်း ဆုတ်ခွာခဲ့ပြီး ဖြစ်ပါတယ်။


ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းခဲ့ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအား အနည်းငယ် ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ (၅)ရက်နေ့ နံနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်းကမ်းလွန်-အင်ဒရာပရာဒေ့ရှ်ပြည်နယ် မြောက်ပိုင်းကမ်းခြေတို့မှာပထမအကြိမ်မြောက်လေဖိအားနည်းရပ်ဝန်းတစ်ခုစတင်ဖြစ်ပေါ်ခဲ့ပြီး၊ (၆)ရက်နေ့ နေ့လယ်ပိုင်းမှာ အားလျော့သွားခဲ့ပါတယ်။ 
စက်တင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဒုတိယ အကြိမ်မြောက်လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီ အချိန်မှာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတို့သို့ ရောက်ရှိခဲ့ပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်း ဟာ(၁၄)ရက်နေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်မှာ ပိုမိအားကောင်းလာပြီး၊ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ရောက်ရှိခဲ့ကာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် မြောက်ပိုင်းကမ်းလွန်-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ)တို့မှာ ဆက်လက်တည်ရှိခဲ့ပါတယ်။ (၁၄)ရက်နေ့ ညနေပိုင်းမှာ အဆိုပါ အားကောင်းသောလေဖိအားနည်း ရပ်ဝန်းဟာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ပြီး၊ အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားကာ၊ တဖြည်းဖြည်း အားလျော့သွားခဲ့ပါတယ်။
စက်တင်ဘာလ (၁၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်မှာ ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်ကမ်းလွန်-ဩရိဿပြည်နယ်ကမ်းခြေတို့မှာ တတိယအကြိမ်မြောက် လေဖိအားနည်းရပ်ဝန်း တစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ (၂၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန်မှာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနဲ့ အနောက်ဘင်္ဂလားပြည်နယ်တောင်ပိုင်းတို့ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကာ အိန္ဒိယနိုင်ငံ၊ ဂျက်ခန်းပြည်နယ်ကို ဖြတ်ကျော်ခဲ့ပြီး၊ တဖြည်းဖြည်း အားလျော့သွားခဲ့ပါတယ်။
စက်တင်ဘာလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန်မှာ မြန်မာနိုင်ငံ၊ ရခိုင် ကမ်းရိုးတန်းကမ်းလွန်နဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ် ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်ဟာ ပိုမိုအားကောင်းလာပြီး၊ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိသော အရှေ့အလယ်ပိုင်းတို့မှာ လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် (၃၀)ရက်နေ့ မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဆက်လက်တည်ရှိခဲ့ပြီး၊ မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန်မှာ ပိုမိုအားကောင်းလာကာ၊ အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မှာ ရွာသွန်းမြဲအောက် လျော့နည်းပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာ သွန်းခဲ့ပါတယ်။
မိုးရွာရက်များအနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး(အနောက်ပိုင်း)နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ (၁၅)ရက်မှ (၁၈)ရက်၊ နေပြည်တော်၊ မကွေးတိုင်း‌‌ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ (၁၉)ရက်မှ (၂၄)ရက်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၂၅)ရက်မှ (၂၈)ရက် မိုးထစ်ချုန်းရွာသွန်းခဲ့ပါတယ်။
မိုးရေချိန်စံချိန်သစ်များအနေနဲ့ကတော့ စက်တင်ဘာလ(၁၄)ရက်နေ့မှာ သီပေါမြို့နဲ့ ကျောက်မဲ မြို့၊ (၂၄)ရက်နေ့မှာ တောင်တွင်းကြီးမြို့တို့မှာ မိုးရေချိန်စံချိန်သစ်များ တင်ခဲ့ပါတယ်။ 

 အမြင့်ဆုံးအပူချိန်စံချိန်သစ်များအနေနဲ့ကတော့ စက်တင်ဘာလ(၄)ရက်နေ့မှာ ပြင်ဦးလွင် မြို့၊ (၁၇)ရက်နေ့မှာ မိုးညှင်းမြို့၊ (၂၃)ရက်နေ့မှာ မော်လမြိုင်မြို့၊ (၂၅)ရက်နေ့မှာ ဟင်္သာတမြို့၊ နေပြည်တော်(ဥတ္တရသီရိမြို့နယ်)နဲ့ ဇောင်းတူမြို့နဲ့ (၂၆)ရက်နေ့မှာ နေပြည်တော်(ဥတ္တရသီရိမြို့နယ်) တို့မှာ အမြင့်ဆုံးအပူချိန်စံချိန်သစ်များ တင်ခဲ့ပါတယ်။


စက်တင်ဘာလအတွင်း မြစ်ရေအခြေအနေမှာ ---------------------------------------------ထုတ်ပြန်ပေးခဲ့ပါတယ်။
ယခုဆက်လက်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ဖြစ်ပေါ်နိုင်တဲ့ မိုးလေ၀သနဲ့ ဇလဗေဒခန့်မှန်းချက်များကို ဆက်လက်တင်ပြလိုပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေခန့်မှန်းချက်အနေနဲ့ကတော့ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ၂၀၂၃ ခုနှစ်အောက်တိုဘာလ (၃ - ၈) ရက်နေ့အတွင်း မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသများမှ လည်းကောင်း၊ အောက်တိုဘာလ (၉ - ၁၄)ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိပါတယ်။ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအား အနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်ပါတယ်။

မိုးအခြေအနေခန့်မှန်းချက်အနေနဲ့ကတော့  နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊  ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ 
မိုးရွာရက်များအနေနဲ့ကလည်း ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁၅) ရက်မှ (၂၀)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ  (၉)ရက်မှ (၁၄)ရက်ခန့်  မိုးထစ်ချုန်းရွာနိုင်ပါတယ်။
မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သံလွင် မြစ်ရေဟာ ဘားအံမြို့မှာ (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ် ရေဟာ ပုသိမ်မြို့မှာ(၁)ကြိမ်ခန့်နဲ့ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ် ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ်။
အချုပ်အားဖြင့် တင်ပြလိုတာကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အယ်လ်နီညို ဖြစ်စဉ်ဟာ အားအသင့်အတင့်ရှိခဲ့ပါတယ်၊ လာမယ့်အောက်တိုဘာလအတွင်း နိုင်ငံတကာမိုးလေဝသ ဌာန၏ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရ အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါတယ်။အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်သည့် ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု    မူမမှန်ခြင်း၊ မိုးခေါင် ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါတယ်။
လာမယ့် အောက်တိုဘာလဟာ မိုးလွန်ကာလ ဖြစ်သည့်အလျောက် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နိုင်သေးတဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းများကြောင့်လည်းကောင်း၊ အရှေ့ ဘက်မှ ရွေ့လျားလာတဲ့ အရှေ့လေပွေလှိုင်းများ မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ တိုးဝင်တဲ့ အခါမှာလည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာတဲ့ အနောက်လေပွေလှိုင်းများ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသို့ တိုးဝင်တဲ့အခါမှာလည်းကောင်း၊ မွန်းလွဲ/ညနေပိုင်းမှာ ဖြစ်ပေါ်တက်တဲ့ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း၊ တောင်တရုတ်ပင်လယ် ပြင်မှာ ဖြစ်ပေါ်တက်တဲ့ တိုင်ဖုန်းမုန်တိုင်းရဲ့ တိမ်တိုက်အကြွင်းအကျန်များ မြန်မာနိုင်ငံဘက်ဆီသို့ ရွေ့လျားလာတဲ့အခါမှာ လည်းကောင်း၊ မြန်မာနိုင်ငံအရပ်ရပ်မှာ အခါလွန်မိုးများ၊ မုန်တိုင်းမိုးများ ထစ်ချုန်းရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသေးတယ်။ အထူးသဖြင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ ပြည်တွင်းရေကြောင်းသွားလာရေး၊ ကမ်းရိုးတန်းသွား သင်္ဘောများ၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များအနေဖြင့် ဘင်္ဂလားပင်လယ် အော်မှာ ဖြစ်ပေါ်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းသတင်းများကို နားထောင်ပြီး အထူးဂရုပြု သွားလာစေလိုပါတယ်။
အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်၍ ကြိုတင်သတိပေးချက်၊ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့ တပြေးညီထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။ 
မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezela.gov.mm သို့လည်းကောင်း၊ မိုးလေဝသ နဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်း စာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယို များမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ် ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေရှင်