၂၀၂၃ ခုနှစ်၊ ဆောင်းရာသီကာလ နိုဝင်ဘာလ လပတ်အတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်
  • Wed, 1 November 2023

၂၀၂၃ ခုနှစ်၊ ဆောင်းရာသီကာလ နိုဝင်ဘာလ လပတ်အတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်


တင်ပြသူ -  ဦးထက်ဝေထွန်း ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
…………………………………………………………………………….............................
မင်္ဂလာပါခင်ဗျာ။

အခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၃ ခုနှစ်၊ ဆောင်းရာသီကာလ ယေဘုယျခန့်မှန်း ချက်များနဲ့ နိုဝင်ဘာလ လပတ်အတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်များ ဖြစ်ပါတယ်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့‌တဲ့ မိုးလေ၀သနဲ့ ဇလဗေဒ အခြေအနေများကို ဦးစွာပထမ တင်ပြလိုပါတယ်။

အနောက်တောင်မုတ်သုံလေ အခြေအနေကတော့ အောက်တိုဘာလ (၁၁)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှလည်း ကောင်း၊ အောက်တိုဘာလ (၁၅)ရက်နေ့မှာတော့ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ လည်းကောင်း ဆုတ်ခွာခဲ့ပြီး ဖြစ်ပါတယ်။




ဘင်္ဂလားပင်လယ်အော် အခြေအနေကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၉)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ စက်တင်ဘာလ (၃၀)ရက်နေ့မှာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းဟာ အောက်တိုဘာလ (၁)ရက်နေ့မှာတော့ အိန္ဒိယ နိုင်ငံ၊ ဂျက်ခန်းပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး တဖြည်းဖြည်းအားလျော့သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၀)ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ လေဖိအားနည်း ရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ (၂၁)ရက်နေ့မှာတော့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း အဖြစ်သို့လည်းကောင်း၊ (၂၂)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ မုန်တိုင်းငယ် အဖြစ်သို့ လည်းကောင်း၊ ညပိုင်းမှာတော့ အားကောင်း သော မုန်တိုင်းငယ် အဖြစ်သို့လည်းကောင်း၊ (၂၃)ရက်နေ့ ညပိုင်းမှာတော့ ပိုမိုအားကောင်းလာ ခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ (၂၄)ရက်နေ့ မနက်ပိုင်း မှာတော့ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”အဖြစ်သို့လည်းကောင်း၊ မွန်းလွဲပိုင်းမှာတော့ ဘင်္ဂလားပင်လယ်အော်အနောက်မြောက် ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတို့မှာ အားအလွန် ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”အဖြစ်သို့လည်းကောင်း ရောက်ရှိခဲ့ပါတယ်။ (၂၄)ရက်နေ့ ညပိုင်းမှာတော့ အဆိုပါ အားအလွန် ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ဟာ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”အဖြစ်သို့လည်းကောင်း၊ (၂၅)ရက်နေ့ မနက်ပိုင်းမှာတော့ အဆိုပါ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”ဟာ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”အဖြစ်သို့ အားလျော့သွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့ တောင်ဘက်အနီးမှ  ဖြတ်ကျော်ဝင်ရောက် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ မုတ်သုံလေအခြေအနေကတော့ ပထမ ရှေ့(၁၅)ရက်နေ့ အတွင်း မုတ်သုံလေ အားအနည်းငယ် ရှိခဲ့ပါတယ်။ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ နေပြည်တော်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်း မြဲထက်ပိုခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာသွန်းခဲ့ပါတယ်။

မိုးရွာရက်များအနေနဲ့ကလည်း ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့မှာ (၁၈)ရက်မှ (၂၂)ရက်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ (၁၀)ရက်မှ (၁၆)ရက် မိုးထစ်ချုန်း ရွာသွန်းခဲ့ပါတယ်။

မိုးရေချိန်စံချိန်သစ်များအနေနဲ့ကတော့ အောက်တိုဘာလ (၂)ရက်နေ့မှာ လပွတ္တာမြို့၊ အောက်တိုဘာလ (၇)ရက်နေ့မှာ ဘီးလင်းမြို့၊ အောက်တိုဘာလ (၈)ရက်နေ့မှာ ပဲခူးမြို့၊ အောက်တိုဘာလ (၁၃)ရက်နေ့မှာ ရေဦးမြို့တို့မှာ မိုးရေချိန်စံချိန်သစ်များတင်ခဲ့ပါတယ်။



ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြစ်ရေအခြေအနေများမှာ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ (၁)ကြိမ် ကျော်လွန် ရောက်ရှိခဲ့ပါတယ်။ အဆိုပါ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် (၄)ပေခန့် ကျော်လွန်ရောက်ရှိခဲ့ပြီး ရေကြီးမှုသတိပေးချက် (၁)ကြိမ်နဲ့ ရေကြီးမှုအခြေအနေသတင်း (၅)ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။

စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ (၁)ကြိမ် ကျော်လွန်ရောက်ရှိခဲ့ပါတယ်။ အဆိုပါမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် (၂)လက်မခန့် ကျော်လွန် ရောက်ရှိခဲ့ပြီး ရေကြီးမှုသတိပေးချက် (၁)ကြိမ်နဲ့ ရေကြီးမှုအခြေအနေသတင်း (၁)ကြိမ် ထုတ်ပြန် ပေးခဲ့ပါတယ်။

ယခုဆက်လက်ပြီး လာမယ့် ဆောင်းရာသီကာလ (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလထိ) ယေဘုယျ မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များကို ဆက်လက် တင်ပြ လိုပါတယ်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်‌၀န်း (၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်မှာ ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ အများအားဖြင့်သာယာနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော် တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

မိုးအခြေအနေခန့်မှန်းချက် အနေနဲ့ကတော့ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊  စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

ညအပူချိန်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဆောင်းရာသီ ကာလ ပုံမှန်အပူချိန်ရဲ့ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဆောင်းရာသီကာလ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါတယ်။

မြူအခြေအနေခန့်မှန်းချက်အနေနဲ့လည်း ဆောင်းရာသီကာလအတွင်း ဒေသအလိုက် မြူထူဆိုင်းလေ့ရှိပြီး ကမ်းရိုးတန်းဒေသများ၊ ကုန်းမြင့်နှင့် တောင်တန်းဒေသများတို့တွင် ပိုမို ထူထပ်စွာ မြူထူဆိုင်းတတ်ပါသည်။
(မြူအခြေအနေ ခန့်မှန်းချက်များကို လပတ်ခန့်မှန်းချက်များတွင် လအလိုက် ထပ်မံ ထုတ်ပြန်ပေးသွား မည် ဖြစ်ပါသည်။)

မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နဲ့ ကသာမြို့တို့မှာ (၅)ပေမှ (၇)ပေခန့်၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နဲ့ ညောင်ဦးမြို့တို့မှာ (၁၀)ပေမှ (၁၄)ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁၅)ပေမှ (၂၀)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၇)ပေမှ (၁၂)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ပါတယ်။

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၉)ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ (၃)ပေခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ (၇)ပေမှ (၁၂)ပေခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၇)ပေမှ (၁၀)ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၄)ပေခွဲခန့်၊ ပဲခူး မြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ (၄)ပေခွဲမှ (၆)ပေခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၉)ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၄)ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ မှာ (၁၇)ပေခန့်၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၃)ပေမှ (၇)ပေခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့ မှာ (၅)ပေခွဲခန့်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့တို့မှာ (၃)ပေမှ (၄)ပေ ခွဲခန့်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ (၁)ပေခွဲခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၆)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။


ယခုဆက်လက်ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖြစ်ပေါ်နိုင်တဲ့ မိုးလေ၀သနဲ့ ဇလဗေဒ ခန့်မှန်းချက်များကို ဆက်လက်တင်ပြလိုပါတယ်။
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တို့မှာ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ တိမ်အနည်း ငယ် ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့် အတင့်မှ တိမ်ထူထပ်နိုင်ပါတယ်။


မိုးအခြေအနေခန့်မှန်းချက် အနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင် ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။


မိုးရွာရက်များ အနေနဲ့ကလည်း ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနဲ့ တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၇)ရက်မှ (၁၂)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ (၂)ရက်မှ (၆)ရက်ခန့်  မိုးထစ်ချုန်းရွာနိုင်ပါတယ်။


ညအပူချိန်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ ပိုင်း)၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ  နိုဝင်ဘာလ ပုံမှန်အပူချိန်ရဲ့ (၁.၅)ဒီဂရီစင်တီ ဂရိတ်နှင့်အထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နိုဝင်ဘာလ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါတယ်။


မြူအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁၆)ရက်မှ (၂၀)ရက်ခန့်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ (၁၁)ရက်မှ(၁၅)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ (၅)ရက်မှ (၁၀)ရက်ခန့်  နံနက်ပိုင်းမှာ မြူထူများ ဆိုင်းနိုင်ပါတယ်။


မြစ်ရေအခြေအနေ ခန့်မှန်းချက် အနေနဲ့ကတော့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ (၃)ပေမှ (၆)ပေခန့်နဲ့ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၇)ပေမှ (၁၂)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၃)ပေမှ (၆)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ပါတယ်။


မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၆)ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ (၁)ပေခွဲ ခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ (၄)ပေမှ (၇)ပေခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၄)ပေမှ (၅)ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၂)ပေခန့်၊ ပဲခူးမြစ်ရေ ဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ (၃)ပေမှ (၄)ပေခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၄)ပေ ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ပေခွဲခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ (၁၀)ပေခန့်၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၁)ပေမှ (၃)ပေခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၃)ပေခန့်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့တို့မှာ (၁)ပေခွဲမှ (၂)ပေခွဲခန့်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ (၁)ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၂)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။


အချုပ်အားဖြင့် တင်ပြလိုတာကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အယ်လ်နီညို ဖြစ်စဉ်ဟာ အားအသင့်အတင့် ရှိခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာလအတွင်းမှာ နိုင်ငံတကာ မိုးလေ ဝသဌာနများရဲ့ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ အားကောင်းသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါတယ်။ အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာ မှာ ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက် ရောက်မှုများမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်း ဖြစ်ပေါ်မှု မူမမှန်ခြင်းနဲ့ နွေကာလများမှာ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ် လေ့ရှိပါတယ်။


ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဘင်္ဂလား ပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းနဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်ခဲ့သလို ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်း ရပ်ဝန်းများနဲ့ မိုးလွန်မုန်တိုင်းများ ဖြစ်ပေါ်နိုင်တာကြောင့် အထူးဂရုပြုစေလိုပြီး၊ အခါလွန်မိုးများ ဆက်လက် ရွာသွန်းနိုင်ပါတယ်။ ထို့အတူ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေ လှိုင်းများနဲ့ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများရဲ့ အရှိန်ကြောင့်သော်လည်း ကောင်း၊ တောင်တရုတ်ပင်လယ်ပြင်မှ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များ မြန်မာနိုင်ငံဘက် ဆီသို့ ရွေ့လျားလာခြင်းကြောင့် သော်လည်းကောင်း၊ တရုတ်ပြည်မကြီးပေါ်မှ ထိုးဆင်းလာတဲ့ လေအေးများနဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာတဲ့လေနွေးများ တွေ့ဆုံမှုကြောင့် သော်လည်းကောင်း၊ မြန်မာနိုင်ငံအရပ်ရပ်မှာ အချိန်အခါမဟုတ် မိုးများရွာသွန်း နိုင်ပါတယ်။


ဒါ့အပြင် မိုးရာသီကုန်ဆုံးပြီး ဆောင်းရာသီကာလသို့ ဝင်ရောက်ပြီဖြစ်တဲ့အတွက် တရုတ် ပြည်မကြီးမှ အားကောင်းတဲ့ လေဖိအားများရပ်ဝန်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှာ ညအပူချိန်များ လျော့နည်းနိုင်ပါတယ်။ ထို့အတူ စိုက်ပျိုးရေးလုပ်ငန်းများအနေနဲ့လည်း ကောက်ပဲ သီးနှံ ရိတ်သိမ်းသည့်ကာလ ဖြစ်တဲ့အတွက် အချိန်အခါမဟုတ် မိုးများရွာသွန်းနိုင်တာကြောင့် လည်းကောင်း၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ ရေကြောင်းသွားလာရေး လုပ်ငန်းများအနေ နဲ့လည်း ဆောင်းရာသီကာလအတွင်း နံနက်ပိုင်းနဲ့ ညနေပိုင်းတို့မှာ ဖြစ်ပေါ်လေ့ရှိတဲ့ မြူထူများ ထူထပ်စွာကျရောက်တတ်ခြင်း၊ မြန်မာ့ကမ်းရိုးတန်းမှာ အရှေ့လေပြင်းများ တိုက်ခတ်ပြီး လှိုင်း ကြီးတတ်ခြင်း၊ မြန်မာနိုင်ငံရှိ မြစ်ကြီးများမှ မြစ်ရေမှတ်များ ကျဆင်းနိုင်သည့်အတွက် အထူး ဂရုပြုဆောင်ရွက် သွားလာရန် လိုအပ်ပါကြောင်း တင်ပြလိုပါတယ်။


အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်၍ ကြိုတင်သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေးညီထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။


မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသ နဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလို အလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့ လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ် သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ် ထုတ်လွှင့် လျက်ရှိတဲ့ FM ရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနား ဆင်နိုင်ပါတယ်ဆိုတဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။


ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေခင်ဗျာ။