၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Sat, 30 December 2023

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


တင်ပြသူ -  ဦးထက်ဝေထွန်း

              -  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

…………………………………………………………………………….................................... ယခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွက် မိုးလေဝသနှင့် ဇလဗေဒ ခန့်မှန်း ချက်များ ဖြစ်ပါသည်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံအရပ်ရပ်တွင် ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသအခြေအနေများကို ဦးစွာပထမ တင်ပြလို ပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ဘင်္ဂလားပင်လယ်အော်အခြေအနေများ မှာ နိုဝင်ဘာလ(၁၄)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက် ရှိတဲ့ ကပ္ပလီ-နီကိုးဘားကျွန်းတို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ ညနေပိုင်းမှာ ပိုမိုအားကောင်းလာကာ အားကောင်းတဲ့ လေဖိအား နည်းရပ်ဝန်းအဖြစ်သို့ လည်းကောင်း၊ (၁၅)ရက်နေ့ နေ့လယ်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ မုန်တိုင်းငယ် အဖြစ်သို့လည်းကောင်း၊ (၁၆)ရက်နေ့ နံနက်ပိုင်းမှာ အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ (၁၇)ရက်နေ့ နံနက်ပိုင်းမှာ ဆိုင်ကလုန်း မုန်တိုင်း“မစ်ဟီလီ”အဖြစ် သို့လည်းကောင်း ရောက်ရှိခဲ့ပါတယ်။ ညနေပိုင်းမှာတော့ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း“မစ်ဟီလီ”ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ခီပူပါရာမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်ခဲ့ပါတယ်။ (၁၈)ရက်နေ့ နံနက်အစောပိုင်းမှာ အဆိုပါဆိုင်ကလုန်းမုန်တိုင်း “မစ်ဟီလီ” ဟာ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်-ထရီပူရ ပြည်နယ်တို့မှာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ကာ မြောက်-အရှေ့မြောက် ဘက်သို့ ဆက်လက်ရွေ့လျားပြီး တဖြည်းဖြည်း အားလျော့သွားခဲ့ပါတယ်။

နိုဝင်ဘာလ (၂၇)ရက်နေ့မှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ မလက္ကာရေလက်ကြားတို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ (၂၉)ရက်နေ့ မနက်ပိုင်းမှာတော့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့  ရောက်ရှိ ခဲ့ပါတယ်။ (၃၀)ရက်နေ့မှာတော့ အဆိုပါ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဆက်လက်တည်ရှိနေပါတယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းခဲ့ပြီး၊ ကပ္ပလီ ပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်ခဲ့ပါတယ်။


ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း  မြန်မာနိုင်ငံအရပ်ရပ်မှာ ရွာသွန်းခဲ့ပြီးဖြစ်တဲ့ မိုးရွာသွန်းမှု အခြေအနေများကို တင်ပြလိုပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင် ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းကာ မိုးထစ်ချုန်းရွာခဲ့ပါတယ်။


ဆက်လက်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံအရပ်ရပ်တွင်  ရွာသွန်းခဲ့သော မိုးရွာရက်များကို တိုင်းဒေသကြီးများနဲ့ ပြည်နယ်များအလိုက် ခွဲခြားတင်ပြလိုပါတယ်။ တနင်္သာရီ တိုင်းဒေသကြီးမှာ (၁၈)ရက်၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင် ပိုင်း)နဲ့ ရခိုင်ပြည်နယ်တို့မှာ (၅)ရက်မှ (၈)ရက်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ (၁)ရက်မှ (၄)ရက် မိုးထစ်ချုန်း ရွာသွန်းခဲ့ပါတယ်။


နိုဝင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ညအပူချိန်အခြေအနေများကို တင်ပြလိုပါတယ်။ ချင်း ပြည်နယ်မှာ နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် လျော့နည်းခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ ကယားပြည်နယ်တို့မှာ နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက်ပိုခဲ့ ကာ၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှာ နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါတယ်။


မြူအခြေအနေကတော့  ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနဲ့ တောင်ပိုင်း)တို့မှာ (၂၀)ရက်မှ (၂၆)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁၁)ရက်မှ (၁၉)ရက်နဲ့ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ် တို့မှာ (၁)ရက်မှ (၈)ရက် နံနက်ပိုင်းမှာ မြူထူများဆိုင်းခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်း ဒေသကြီး(အနောက်ပိုင်း)တို့မှာ မြူဆိုင်းခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။


မိုးရေချိန်စံချိန်သစ်အနေနဲ့ကတော့ နိုဝင်ဘာလ(၁၈)ရက်နေ့မှာ အမ်းမြို့မှာ မိုးရေချိန် စံချိန်သစ် တင်ခဲ့ပါတယ်။ 

အမြင့်ဆုံးအပူချိန်စံချိန်သစ်များ အနေနဲ့ကတော့ နိုဝင်ဘာလ(၁)ရက်နေ့မှာ သီပေါမြို့၊ (၅)ရက်နေ့မှာ ဇလွန်မြို့နဲ့ (၁၆)ရက်နေ့မှာ ဧလာ(လေဆိပ်)တို့မှာ အမြင့်ဆုံးအပူချိန်စံချိန်သစ် များ တင်ခဲ့ပါတယ်။


ယခုဆက်လက်ပြီး လာမည့်ဒီဇင်ဘာလအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်များ ကို တင်ပြလိုပါတယ်။ 
လာမည့် ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ  ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁) ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ် အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။
မိုးအခြေအနေခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ရွာသွန်း မြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
မိုးရွာရက်ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၄)ရက်မှ (၇)ရက် ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ (၁)ရက်မှ (၃)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

ညအပူချိန်အခြေအနေခန့်မှန်းချက်မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ရဲ့ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင် ပါတယ်။
မြူအခြေအနေခန့်မှန်းချက်မှာစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁၆)ရက်မှ (၂၅)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ ကရင်ပြည်နယ်တို့မှာ (၅)ရက်မှ (၁၅)ရက်ခန့် နံနက်ပိုင်းမှာ မြူထူများဆိုင်း နိုင်ပါတယ်။
မြစ်ရေအခြေအနေခန့်မှန်းချက်အနေနဲ့ကတော့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဧရာဝတီ မြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ (၁)ပေမှ (၃)ပေခွဲခန့်နဲ့ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၄)ပေ မှ (၅)ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၁)ပေခွဲမှ (၄)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ပါတယ်။
မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၁)ပေခွဲခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံနဲ့  မြစ်ငယ်မြို့တို့မှာ (၁)ပေမှ (၃)ပေခွဲခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ပေခွဲမှ (၂)ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ပေဝက်ခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့ နဲ့ ပဲခူးမြို့တို့မှာ (၁)ပေမှ (၂)ပေခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၂)ပေခွဲခန့်၊ သောင်ရင်း မြစ်ရေဟာ မြဝတီမြို့မှာ (၁)ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ် မြို့တို့မှာ ပေဝက်မှ (၂)ပေခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ပေခွဲခန့်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့တို့မှာ ပေဝက်မှ (၁)ပေခွဲခန့်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့ မှာ ပေဝက်ခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။
အချုပ်အားဖြင့် တင်ပြလိုတာကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အယ်လ်နီညို ဖြစ်စဉ်ဟာ အားကောင်းခဲ့ပါတယ်။ လာမယ့် ဒီဇင်ဘာလအတွင်းမှာ နိုင်ငံတကာ မိုးလေဝသဌာန များရဲ့ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ အားကောင်းသော အယ်လ်နီညို အခြေအနေ ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်းရပါတယ်။ အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှု များမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်း ဖြစ်ပေါ်မှုများ မူမမှန်ခြင်းနဲ့ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ ရှိပါတယ်။
လာမည့်ဒီဇင်ဘာလဟာ မြန်မာနိုင်ငံအရပ်ရပ်မှာ အေးပြီးခြောက်သွေ့တဲ့ အရှေ့မြောက် လေများ တိုက်ခတ်တဲ့အတွက် ညအပူချိန်များ လျော့နည်းလာမှာ ဖြစ်ပါတယ်။
အဲဒီကာလရဲ့ ထူးခြားတဲ့ဝိသေသများကတော့ တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့ လေဖိအား များရပ်ဝန်းဟာ အားကောင်းလာပြီး၊  မြန်မာနိုင်ငံဘက်ကို ထိုးဆင်းလာတတ်တဲ့အခါ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများနဲ့ အလယ်ပိုင်းဒေသများမှာ အအေးပိုလာတတ်သလို ဟိမဝန္တာ တောင်တန်းပေါ်မှ လေဖိအားကြီးရပ်ဝန်းဟာ အိန္ဒိယနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ တိုးဝင် လာတဲ့အခါ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာလည်း အအေးပိုလာတတ်ပါတယ်။ ဒါ့အပြင် အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်နိုင်တဲ့အတွက် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်မှာ လှိုင်းကြီးနိုင်တာကြောင့် ပင်လယ်ရေကြောင်းသွားလာရေးကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာတော့ တစ်ခါတစ်ရံ လေထုမငြိမ်သက်ရာမှ ဖြစ်ပေါ်လာတတ် တဲ့ တိမ်များကြောင့် အအေးပေါ့သွားတတ်ပါတယ်။ ဒီရာသီကာလအတွင်း အထက်မှအောက်သို့ အရှိန်ပြင်းစွာ ထိုးစိုက်တိုက်ခတ်တတ်သည့် အထက်အောက်လေစီးကြောင်းများ ဖြစ်ပေါ်တတ် တာကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေးမှာ အထူးဂရုပြုကြရမှာဖြစ်သလို အေးပြီးခြောက် သွေ့သည့် ရာသီကာလဖြစ်၍ မိုးရွာသွန်းမှုဖြစ်စဉ်များ လျော့နည်းသွားသည့်အတွက် ပြည်တွင်း ရေကြောင်းသွားလာရေးမှာလည်း အထူးဂရုပြုကြဖို့ လိုအပ်ပါတယ်။
အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်၍ ကြိုတင်သတိပေးချက်၊ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေး ညီထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။
မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezela.gov.mm သို့လည်းကောင်း၊ မိုးလေဝသ နဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာ များ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှ လည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။