၂၀၂၂ ခုနှစ်၊ သြဂုတ်လ အတွက် မိုးလေဝသနှင့် ဇလဗေဒ ခန့်မှန်းချက်
  • Mon, 1 August 2022

၂၀၂၂ ခုနှစ်၊ သြဂုတ်လ အတွက် မိုးလေဝသနှင့် ဇလဗေဒ ခန့်မှန်းချက်


၂၀၂၂ ခုနှစ်၊ သြဂုတ်လ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
(မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)

တင်ပြသူ    - ဒေါ်စန္ဒာဝေ
- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
…………………………………………………………………………….........................................
မင်္ဂလာပါရှင်။

အခုတစ်ပတ် တင်ပြမှာကတော့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွက် မိုးလေဝသနဲ့ ဇလ ဗေဒ ခန့်မှန်းချက်များ ဖြစ်ပါတယ်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့‌တဲ့ မိုးလေ၀သ အခြေအနေ၊ မြစ်ရေ အခြေအနေ များကို ဦးစွာပထမ တင်ပြလိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေကတော့ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့် ရှိခဲ့ပါတယ်။ ဇူလိုင်လ (၉)ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေအနီးမှာ လေဖိအားနည်းရပ်ဝန်း တစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ (၁၈)ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ တောင်ပိုင်း)တို့မှာ ရွာသွန်းမြဲထက် ပိုခဲ့ပြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီး တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာသွန်းခဲ့ပါတယ်။

မိုးရွာရက်များ အနေနဲ့ကလည်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ (၁၀)ရက်မှ (၁၃) ရက်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ (၁၇)ရက်မှ (၂၂)ရက်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၂၃)ရက်မှ (၂၇)ရက် မိုးထစ်ချုန်း ရွာသွန်းခဲ့ ပါတယ်။




ယခုဆက်လက်ပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ်လ အတွင်း ဖြစ်ပေါ်နိုင်တဲ့ မိုးလေ၀သနဲ့ ဇလဗေဒ ခန့်မှန်းချက်များကို ဆက်လက် တင်ပြလိုပါတယ်။

ဘင်္ဂလားပင်လယ်အော် အခြေအနေကတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအား နည်းရပ်ဝန်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ အားအသင့်အတင့် ရှိနိုင်ပါတယ်။

မိုးရွာသွန်းမှု အ‌ခြေအနေမှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မိုးရွာရက်များ အနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၂၁)ရက်မှ (၂၆)ရက်ခန့်၊ နေပြည်တော်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်း ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ (၁၅)ရက်မှ (၂၀)ရက်ခန့်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ (၉)ရက်မှ (၁၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မြစ်ရေအခြေအနေမှာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွင်း ဧရာဝတီမြစ်ရေဟာ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့ တို့မှာ (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁)ကြိမ် ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁)ကြိမ်ခန့်၊ သောင်းရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမယ့် သြဂုတ်လဟာ ရာသီကာလအပိုင်း အခြားအနေဖြင့် မိုးလယ်ကာလ ဒုတိယလဖြစ်ပြီး၊ အနောက်တောင်မုတ်သုံလေ အားကောင်း တက်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ မိုးလယ်ကာလဖြစ်တဲ့ သြဂုတ်လအတွင်း ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းများနဲ့ မုန်တိုင်းများကြောင့်လည်း ကောင်း၊ မုတ်သုံအင်အား အလွန်ကောင်းခြင်းကြောင့်လည်းကောင်း၊ တောင်တရုတ်ပင်လယ် ပြင်မှာ ဖြစ်ပေါ်နိုင်တဲ့ တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များကြောင့်လည်းကောင်း၊ မြန်မာ နိုင်ငံအရပ်ရပ်မှာ တစ်ခါတစ်ရံ လေပြင်းတိုက်ခတ်ခြင်းများနဲ့ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်တဲ့အတွက် ပြည်တွင်းလေကြောင်းပျံသန်း ရေး၊ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ အနေဖြင့် အထူးသတိပြု မောင်းနှင်ကြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လာမယ့် သြဂုတ်လအတွင်း မြန်မာ နိုင်ငံရှိ မြစ်ကြီးများမှ မြစ်ရေများဟာလည်း စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နိုင်သေးတဲ့ အတွက် မြစ်ရေကြီးခြင်း သတိပေးချက်၊ ထုတ်ပြန်ချက်များကို အထူးဂရုပြုစေလိုပါတယ်။

အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်၍ ကြိုတင်သတိပေးချက်၊ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေး ညီထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။

    မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezela.gov.mm သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီ ရုပ်မြင်သံကြား၊ နေ့စဉ်ထုတ် သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိ ပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါရှင်။