ပဲခူးတိုင်းဒေသကြီးတွင် သီးနှံမျိုးသန့်ဇုန်များ ထူထောင် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကြိုးပမ်း
  • Sat, 11 March 2023

ပဲခူးတိုင်းဒေသကြီးတွင် သီးနှံမျိုးသန့်ဇုန်များ ထူထောင် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကြိုးပမ်း


    နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မတ်လ (၉) ရက်နေ့က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စိုက်ပျိုးရေး၊ မွေးမြုရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး၌ သီးနှံမျိုးသန့်ဇုံများ ထူထောင်အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ ဒေသရေမြေ၊ ရာသီဥတုနှင့်ကိုက်ညီပြီး သီးထပ်စိုက်ပျိုးနိုင်မည့် တန်းမြှင့် ဆန်ရရှိသည့် ရက် ၉၀ စပါးမျိုးကို တောင်သူများစိုက်ပျိုးလာစေရေး၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား အကျိူးတူလယ်ယာစနစ် တိုးချဲ့ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်ရေး တွန်းအားပေးဆောင်ရွက်ရန်၊ စပါး အခြောက်ခံစက်အပါအဝင် လယ်ယာလုပ်ငန်းခွင်တွင် စက်ကိရိယာ တိုးမြှင့်သုံးစွဲနိုင်ရေး၊ မျိုးစေ့ထုတ်လုပ်ငန်းတွင် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စိုက်ပျိုးရေ ရရှိရေးအတွက် ရေပေးမြောင်း၊ ရေသွင်းမြောင်းများ ကောင်းမွန်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေး ခဲ့ကြသည်။

    ထိုနောက် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများသည် သနပ်ပင်မြို ရွှေဗျိုင်းဖြူ ကုမ္ပဏီတွင် ကျင်းပသည့် နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေ အထောက်အပံ့ဖြင့် ပဲတီစိမ်း စိုက်ပျိုးကြမည့် တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံးဆွေးနွေးပွဲသို့ တက်ရောက် အားပေးခဲ့သည်။

    တွေ့ဆုံစဉ် တောင်သူများ၏ ဆွေးနွေးတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စပါးအခြောက်ခံစက်နှင့် ပဲတီစိမ်းထုတ်ပိုးထားရှိမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။

    မွန်လွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒိုက်ဦးမြိူ့နယ် ကတုတ်ကျေးရွာ ဧက ၁၂၀ စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းခွင်နှင့် ကောက်စိုက် စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းသရုပ်ပြမှုကို ကြည့်ရှ့အားပေးကြသည်။ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ လေဝင်လေထွက် ကောင်းမွန်ခြင်း၊ သန်စွမ်းဖြစ်ထွန်းပြီး အထွက်ကောင်းမွန်သဖြင့် တောင်သူများ ရွေးချယ်အသုံးပြု လျက်ရှိကြောင်း သိရှိရသည်။

    ထိုနောက် ဒိုက်ဦးမြို့နယ် ပေါက်တပင်မျိုးသန့်ခြံ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ရွှေနံ့သာပေါ်ဆန်းမွေး-၁ (ခေါင်းနှံ ပျိုးခင်း) ကို ကြည့်ရှ့ စစ်ဆေးပြီး ခြံအဆင့်မြှင်တင်ရန် လိုအပ်ချက်များ၊ တောင်သူများနှင့် ပူးပေါင်း၍ သုတေသန လုပ်ငန်းဆောင်ရွက်ရန်နှင့် မျိုးစေ့သန့်စင်စက်များ အသုံးပြုနိုင်ရေးနှင့် လိုအပ်ချက်များကို တာဝန်ရှိသူများအား မှားကြားသည်။