စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲမှ မဲခေါင်-လန်ချန်းအထောက်အပံ့ဖြင့် နှမ်းသီးနှံ သုတေသနစမ်းသပ်ကွက်များ ဒုတိယအကြိမ်ကွင်းသရုပ်ပြပွဲ ဆောင်ရွက်
  • Sun, 6 August 2023

စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲမှ မဲခေါင်-လန်ချန်းအထောက်အပံ့ဖြင့်  နှမ်းသီးနှံ သုတေသနစမ်းသပ်ကွက်များ ဒုတိယအကြိမ်ကွင်းသရုပ်ပြပွဲ ဆောင်ရွက်


စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲမှ မဲခေါင်-လန်ချန်းအထောက်အပံ့ဖြင့် ဆောင်ရွက်သည့် “မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ချောင်းမကြီး မျိုးသန့်ခြံအား အဆင့်မြှင့်တင်ခြင်းဖြင့် နှမ်းမျိုးစေ့ ထုတ်လုပ်မှု တိုးတက်စေရေး စီမံကိန်း” ကွင်းသရုပ်ပြပွဲကို မန္တလေးတိုင်းဒေသကြီး၊ ချောင်းမကြီးမျိုးသန့်ခြံ၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့က ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဒေါက်တာထွန်းရွှေ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။




အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်  မဲခေါင်-လန်ချန်း အထူးရန်ပုံငွေအစီအစဉ်ဖြင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုကို ၂၀၁၇ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၂ခုနှစ်၊ (၅)သုတ်မြောက် အထိ စီမံကိန်း စုစုပေါင်း (၁၉)ခု ဆောင်ရွက်ခွင့်ရရှိခဲ့ပါကြောင်း၊ ရမည်းသင်းခရိုင်အတွင်း နှမ်းစိုက်ဧက သုံးသောင်းနီးပါးရှိသည့်အတွက် ယခုကျင်းပပြုလုပ်သော ကွင်းသရုပ်ပြပွဲ တွင်တက်ရောက်လာကြသော ဒေသခံတောင်သူများအနေဖြင့် မိမိတို့ဒေသနှင့်ကိုက်ညီသောမျိုးများ၊ စိုက်ပျိုးနည်းပညာများကို သိရှိ လေ့လာနိုင်ပါကြောင်း၊ စီမံကိန်းအနေဖြင့် နှမ်းသီးနှံမျိုးသန့်ထိန်းသိမ်းရေးနှင့် မျိုးစေ့ထုတ်လုပ်ခြင်း သင်တန်းကိုလည်း (၂)ကြိမ် ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း၊ အဆိုပါသင်တန်းတွင် နှမ်းသီးနှံစမ်းသပ်ကွက်ဆောင်ရွက်သော တောင်သူများအား သင်တန်းတက်ရောက်စေမှာ ဖြစ်ကြောင်း နှင့် တက်ရောက်လာသော တောင်သူများမှ စမ်းသပ်ကွက်များကို သေသေချာချာ လေ့လာကြည့်ရှုပြီး အကဲဖြတ်အမှတ်ပေးကြရန် မိမိ ဒေသနှင့်ကိုက်ညီသောမျိုး ၊ စိုက်နည်းစနစ် များကို သိရှိနားလည်၍လိုက်နာဆောင်ရွက်ခြင်းဖြင့် နှမ်းသီးနှံအထွက်နှုန်း တိုးစေကြောင်း ပြောကြားခဲ့ပါသည်။




ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဦးသီဟထွန်းက စီမံကိန်း ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ယနေ့ကျင်းပသည့် ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲမှ ဦးဆောင်ပြုလုပ်သည့်“မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ချောင်းမကြီးမျိုးသန့်ခြံအား အဆင့်မြှင့်တင်ခြင်းဖြင့် နှမ်းမျိုးစေ့ထုတ်လုပ်မှု တိုးတက်စေရေး စီမံကိန်း”အကောင်အထည်ဖော် ဆောင်ရွက်မှုတစ်ခုဖြစ်သည့် ကွင်းသရုပ်ပြပွဲပြု လုပ်ရခြင်း ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလထိ (၂)နှစ်ကြာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ် (၃)ရပ်ဖြစ်သော (၁)နှမ်းမျိုးများယှဉ်ပြိုင်စမ်းသပ်ခြင်း ဖြင့်ဒေသနှင့်ကိုက်ညီသော နှမ်းမျိုးသစ်နှင့် စိုက်စနစ်များရှာဖွေဖော်ထုတ်ခြင်း (၂) ရေရရှိရေးအတွက် ချောင်းမကြီး မျိုးသန့်ခြံအား အဆင့်မြှင့်တင်ခြင်း (၃)နှမ်းမျိုးစေ့ထုတ်လုပ်သည့် တောင်သူများအား နှမ်းသီးနှံ မျိုးသန့်ထိန်းသိမ်းနည်းပညာများ သင်တန်းပေးခြင်းတို့ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ စမ်းသပ်ကွက်ဆောင်ရွက်သောနေရာများမှာ မကွေးတိုင်းဒေသကြီးမှာ (၆)နေရာနှင့် မန္တလေးတိုင်းဒေသကြီးမှာ(၄)နေရာဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ တစ်ရာသီတွင် နေရာ(၁၀)နေရာ၌ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စမ်းသပ်ကွက်များကို (၄)ရာသီ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ယခုကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်းဖြင့် တက်ရောက်လာသော တောင်သူများမှ မိမိဒေသနဲ့ကိုက်ညီတဲ့မျိုး၊ စိုက်စနစ်များကို လက်တွေ့ တွေ့မြင်ကြရမှာဖြစ်ပြီး မိမိတို့စိုက်ခင်းများတွင် ပြန်လည်အသုံးချနိုင်ကြမှာဖြစ်သည့်အတွက် စမ်းသပ်ချက်များကို သေသေချာချာလေ့လာ အကဲဖြတ်အမှတ်ပေးကြရန် ရှင်းလင်းပြောကြား ခဲ့ပါသည်။




ထို့နောက် ကွင်းသရုပ်ပြပွဲသို့ ကြွရောက်လာကြသော ဧည့်သည်တော်များနှင့်တောင်သူများအား တာဝန်ရှိသူများက စမ်းသပ်ကွက်များ၏ မျိုးအလိုက်စိုက်ပျိုးထားရှိမှုနှင့်စိုက်နည်းစနစ်များကို ရှင်းလင်းတင်ပြကြပြီး တောင်သူများက စမ်းသပ်ချက်များကို အကဲဖြတ်အမှတ်ပေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။