ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ တောင်သူပိုင် စိုက်ပျိုးမြေခြောက်ဧကပေါ်တွင် ဆောင်ရွက်ထားရှိသည့် သီးနှံစုံအကန့်လိုက်စိုက်ပျိုးနည်းစနစ် တောင်သူပညာပေးသရုပ်ပြစိုက်ခင်း ကွင်းဆင်းစစ်ဆေး
  • Mon, 19 February 2024

ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ တောင်သူပိုင် စိုက်ပျိုးမြေခြောက်ဧကပေါ်တွင် ဆောင်ရွက်ထားရှိသည့် သီးနှံစုံအကန့်လိုက်စိုက်ပျိုးနည်းစနစ် တောင်သူပညာပေးသရုပ်ပြစိုက်ခင်း ကွင်းဆင်းစစ်ဆေး


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ တောင်သူပိုင်စိုက်ပျိုးမြေ ခြောက်ဧကပေါ်တွင် ဆောင်ရွက်ထားရှိသည့် သီးနှံစုံအကန့်လိုက် စိုက်ပျိုးနည်း(Strip Cropping)စနစ် တောင်သူပညာပေး သရုပ်ပြစိုက်ခင်းသို့ ကွင်းဆင်းစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သီးထပ်စွမ်းအားတိုးတက်စေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ အဓိကသီးနှံမပေါ်မီ ကြားသီးနှံမှ အပိုဝင်ငွေရရှိရေးတို့အတွက် နည်းပညာပေးလုပ်ငန်းများအပါအဝင် ဘက်စုံကဏ္ဍစုံမှ အားပေးမြှင့်တင်ဆောင်ရွက်ပေးရန်နှင့် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် ကြံဖိုစုကျေးရွာအနီးရှိ တည်ဆောက်ဆဲ လျှပ်စစ်ရေတင်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တူးမြောင်းအလျား ၉၀၀၅ ပေ ဆောင်ရွက်ပြီးစီးပါက အကျိုးပြုဧရိယာ ဧက ၄၅၀ သို့ နွေသီးနှံ စိုက်ပျိုးရာသီအမီ စိုက်ပျိုးရေ ပေးဝေနိုင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက နေပြည်တော် ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေသယံဇာတများ ရှာဖွေဖော်ထုတ်အသုံးပြုနိုင်ရေး၊ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး ကြံဖိုစုကျေးရွာမှ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသည်။

ပုဗ္ဗသီရိမြို့နယ် ပင်လောင်းလမ်းဘေး ဝဲ၊ ယာတွင် တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ခြောက်လက်မစက်ရေတွင်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တောင်ဘက်ခြမ်း၌ လေးတွင်း၊ မြောက်ဘက်ခြမ်းတွင်လေးတွင်း တူးဖော်၍ ဆိုလာရေတင်စနစ် တပ်ဆင်ဆောင်ရွက်ပေးခဲ့ပြီး ဆင်သေချောင်းအတွင်း အေးမြင့်သာယာယာယီရေထိန်းဆည် ပြုလုပ်၍ လျှပ်စစ်ရေတင်လုပ်ငန်း ဆောင်ရွက်ပေးနိုင်ခဲ့ကာ တင်းဝါးချောင်းကိုတူးဖော်ပြီး နေရောင်ပြ အင်းရေမြှင့်ရေထိန်းတံခါးဖြင့် ချောင်းအတွင်း ရေသိုလှောင်၍ စိုက်ပျိုးရေပေးဝေနိုင်ခဲ့ခြင်းကြောင့် ပင်လောင်းလမ်း တောင်ဘက်ခြမ်းတွင် စိုက်ပျိုးရေလုံလောက်စွာ ရရှိခဲ့သည့်နည်းတူ စက်ရေတွင်း လေးတွင်းကိုသာ အသုံးပြုရလျက်ရှိသည့် ပင်လောင်းလမ်းမြောက်ဘက်ခြမ်းရှိ စိုက်ပျိုးမြေများ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကြံဖိုစုကျေးရွာအနီး ဆင်သေချောင်းလျှပ်စစ်ရေတင်လုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်သည်။ အလားတူ တင်းဝါးချောင်းပေါ်ရှိ မူလနတ်မြောင်းရေထိန်းတံခါးကို ပြန်လည်ပြုပြင်ပေးပြီး ချောင်းအတွင်း ရေသိုလှောင်ကာရွေ့လျား ဆိုလာရေတင်စနစ်၊ ဒီဇယ်အင်ဂျင် ရေတင်စနစ်များဖြင့် ရေတင်၍ တင်းဝါးချောင်း ဝဲ၊ ယာရှိ စိုက်ဧရိယာများတွင် တတိယသီးနှံဖြစ်သည့် နွေသီးနှံကို စိုက်ပျိုးရေပေးဝေရန် စီမံဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လေ့ကျင့်သင်ကြားရေးဆေးရုံတွင် ပြည်သူများ၏ တစ်ပိုင်တစ်နိုင် မွေးမြူရေးတိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များကို ဆေးကုသပေးနေမှုကို ကြည့်ရှုပြီး တိရစ္ဆာန်ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။