စိုက်ပျိုးရေးဦးစီးဌာန၏ (၅) ကြိမ်မြောက် စာတမ်းဖတ်ပွဲကျင်းပ
  • Fri, 10 March 2023

စိုက်ပျိုးရေးဦးစီးဌာန၏ (၅) ကြိမ်မြောက် စာတမ်းဖတ်ပွဲကျင်းပ


    "အသုံးချသုတေသနမှသည် ဖွံဖြိုးတိုးတက်သော စိုက်ပျိုးရေးကဏ္ဍဆီသို့" ခေါင်းစဉ်ဖြင့် ကျင်းပသော စိုက်ပျိုးရေးဦးစီးဌာန၏ လူငယ်စွန်ဦးပညာရှင် (YSI) မှ တာဝန်ယူဆောင်ရွက်သော (၅)ကြိမ်မြောက် စာတမ်းဖတ်ပွဲကို မတ်လ (၇) ရက်နေ့မှ (၉) ရက်နေ့အထိ စိုက်ပျိုးရေး၊ မွေးမြုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမတွင် ကျင်းပခဲ့ပါသည်။

    ဆုချီးမြှင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသောဧည်သည်တော်များနှင့် စိုက်ပျိုးရေး သုတေသဦးစီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့မှ တက်ရောက် လေ့လာကြသူ လူငယ်ပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနများမှ စာတမ်းရှင်များ၊ လူငယ်စွန်ဦးပညာရှင်များနှင့် အွန်လိုင်းစနစ်ဖြင့်  လေ့လာသူ ၅၀၀ ကျော်တို့ တက်ရောက်ကြသည်။

    ရှေ့ဦးစွာ အလှည့်ကျစာတမ်းရှင်းများက သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် စာတမ်းများ တင်သွင်းဖတ်ကြားကြသည်။

    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ စားနပ်ရိက္ခာနှင့် စက်မှုလုပ်ငန်းကုန်ကြမ်းများ ပြည်ဝဖူလုံရေးအတွက် အဓိကသီးနှံ ၁၀ မျိုး၏ ပန်တိုင်အထွက် သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ မြေသယံဇာတ၊ ရေသယံဇာတ အရင်းအမြစ် များကို အကျိုးရှိထိရောက်စွာအသုံးချပြီး စိုက်ပျိုးမြေတစ်ဧကချင်း၏ ထုတ်လုပ်မှုတိုးတက်ရေး အရည်အသွေးမြင့်မားရေး၊ စီးပွားရေးရတွက်ချေကိုသော ထုတ်လုပ်မှုဖြစ်စေရေးတို့အတွက် မိမိတို့ ကျွမ်းကျင်ပညာရပ်များဖြင့် အကျိူးပြုနိုင်ရေး ကြိူးပမ်းဆောင်ရွက်ကြခြင်းဖြင့် မိမိ သမိုင်းမှတ်တိုင်ကောင်းများကို စိုက်ထူသွားစေလိုကြောင်း၊ ယခုကျင်းပသည့် စာတမ်းဖတ်ပွဲသည် ဌာနတွင်းရှိလူငယ်စွန့်ဦးပညာရှင်များ စွမ်းဆောင်ရည်မြှင့်မားရေးနှင့် နည်းပညာဖလှယ်ရေး သာမက စာတမ်းဖတ်ပွဲမှ ရရှိသည့် ရလဒ်များ၊ အကြံပြုချက်၊ သုံးသပ်ချက်များကို မှတ်တမ်း တင်ပြုစုပြီး နောင်တွင် ဌာနကဆောင်ရွက်မည့်လုပ်ငန်းများအတွက် ကိုးကားချက်အထောက် အထားများအဖြစ် အသုံးပြုနိုင်ရေးနှင့် လက်တွေ့နယ်ပယ်တွင် တောင်သူများ အကျိုးဖြစ်ထွန်းစေ မည့် နည်းပညာပေးလုပ်ငန်းများတွင် ထည့်သွင်းအသုံးပြုဆောင်ရွက်ရန်လိုကြောင်း၊ အသုံးချ သုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် ဆက်စပ်ဌာနများ တောင်သူများနှင့် ပူးပေါင်း လုပ်ဆောင်ခြင်း၊ အကျိုးဆောင်တောင်သူများပါဝင်သောနည်းပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ ပြောင်းလဲဖွံဖြိုးတိုးတက်လာရေးဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာရဲတင့်ထွန်းက စိုက်ပျိုးရေးဦးစီးဌာန(၅) ကြိမ်မြောက် စာတမ်းဖတ်ပွဲ ကျင်းပခြင်း၏ ရည်ရွယ်ချက်များ၊ ဆုချီးမြှင့်ခြင်းဆိုင်ရာ အမှတ်ပေးစနစ်များ၊ ဆုရစာတမ်းများကို ပုံနှိပ်ထုတ်ဝေရေးနှင့် လက်တွေ့လုပ်ငန်းခွင်များတွင် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ထားရှိမှုများကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က စိုက်ပျိုးရေး ဦးစီးဌာန၏ (၅) ကြိမ်မြောက်စာတမ်းဖတ်ပွဲတွင် ဆုရွေးချယ်ခံရသည့် ဆုရစာတမ်း ရှင်များအား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

    မတ်လ (၇) ရက်နေ့မှ (၉) ရက်နေ့ထိ စိုက်ပျိုးရေးဦးစီးဌာန လူငယ်စွန့်ဦးပညာရှင်အဖွဲ့ (YSI) တာဝန်ယူဆောင်ရွက်သည့် (၅) ကြိမ်မြောက်စာတမ်းဖတ်ပွဲတွင် ဌာနခွဲများ၊ သုတေသနခြံများ၊ မျိုးစေ့ထုတ်ခြံများ၊ မျိုးသန့်ခြံများမှ လူငယ်ပညာရှင်များ၊ တိုင်းဒေသကြီး /ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် စိုက်ပျိုးပညာပေးဝန်ထမ်းများက ၎င်းတို့၏ လက်တွေ့လုပ်ငန်းခွင်များ သုတေသနနှင့် တောင်သူပညာပေးအတွေ့အကြုံများကို အခြေခံ၍ စာတမ်းများ ပြုစုတင်ပြခဲ့ကြခြင်းဖြစ်ကြောင်း၊ တက်သစ်စလူငယ်ပညာရှင်အုပ်စုနှင့် အတွေ့အကြုံကောင်းလူငယ်ပညာရှင်အုပ်စုတို့က အာဟာရဆိုင်ရာစာတမ်း ရှစ်စောင်၊ အပင်ဇီဝနည်းပညာစာတမ်း ငါးစောင်၊ စိုက်ပျိုးနည်းစနစ်ဆိုင်ရာစာတမ်း ၁၆ စောင်၊ သီးနှံမျိုးကွဲ ဖွံဖြိုးမှုဆိုင်ရာစာတမ်း ၁၄ စောင်၊ စိုက်ပျိုးစီးပွားဆိုင်ရာစာတမ်း ကိုးစောင်၊ မြေဆီလွာနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာစာတမ်း လေးစောင်၊ သီးနှံကာကွယ်ရေးဆိုင်ရာစာတမ်း တစ်စောင် စုစုပေါင်း စာတမ်း ၅၇ စောင် ဖတ်ကြားတင်သွင်းမှုအပေါ် တိုင်းဒေသကြီး/ပြည်နယ်များမှ အလှည့်ကျအမှတ်ပေးအဖွဲ့များက အကဲဖြတ်ရွေးချယ်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။