ဒက္ခိဏသီရိ မြို့နယ်၊ ထန်းတပင် ကျေးရွာနှင့် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာ ကျေးရွာတို့တွင် အိမ်ခြံဥယျာဉ် စိုက်ပျိုးခြင်း နည်းပညာပေး ဆွေးနွေးပွဲပြုလုပ်
  • Thu, 8 June 2023

ဒက္ခိဏသီရိ မြို့နယ်၊ ထန်းတပင် ကျေးရွာနှင့် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာ ကျေးရွာတို့တွင် အိမ်ခြံဥယျာဉ် စိုက်ပျိုးခြင်း  နည်းပညာပေး ဆွေးနွေးပွဲပြုလုပ်


(၆.၆.၂၀၂၃) ရက်နေ့

အိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်း နည်းပညာဆွေးနွေးပွဲကို (၆.၆.၂၀၂၃) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာ၌ ပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဦးမျိုးဇော်၊ ဒက္ခိဏခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ခဲ့ကြပါသည်။
အိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်းလုပ်ငန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြို့နယ်(၈)ခုရှိ ကျေးရွာအုပ်စု (၈)ခုတွင် ဆောင်ရွက်ရန်စီစဉ်လျှက်ရှိရာ အိမ်ခြံဝင်းအတွင်း ရာသီအလိုက် ဟင်းသီးဟင်းရွက်နှင့် ဆေးဘက်ဝင်ပရဆေးသီးနှံများ တပိုင်တနိုင် စိုက်ပျိုးနိုင်ရန် နည်းပညာပေးခြင်းနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ ထောက်ပံ့ခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်ခြံဝင်းဥယျာဉ်စိုက်ပျိုးရန်အတွက် ကျေးရွာအုပ်စုတစ်စုလျှင် အိမ်ထောင်စု (၅၀)ဦးအတွက် မျိုးစေ့/ပျိုးပင်များ၊ ပျိုးအိတ်/ပျိုးဗန်းများ၊ သဘာဝမြေဩဇာများ၊ ရေဖျန်းပုံးများ၊ ဥယျာဉ်ခြံသုံးပစ္စည်းများ၊ ပညာပေးလက်ကမ်းစာစောင်နှင့် စာအုပ်များကို ထောက်ပံ့သွားမည် ဖြစ်ပါသည်။
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးမှ အိမ်ခြံဝင်းဥယျာဉ်စိုက်ပျိုးခြင်း နည်းပညာဆွေးနွေးပွဲ လုပ်ဆောင်ရသည့် ရည်ရွယ်ချက်များဖြစ်သည့် -
(က)    အိမ်ခြံဝင်းအတွင်း ရာသီစာသီးနှံနှင့် ဆေးဘက်ဝင်ပရဆေးသီးနှံများ စိုက်ပျိုး စားသုံးသည့် အလေ့အကျင့်များရရှိလာစေရန်
( ခ )    ဘေးအန္တရာယ်ကင်းရှင်းသည့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်
( ဂ )    မီးဖိုချောင်ကုန်ကျစရိတ်သက်သာစေပြီး မိသားစုအပိုဝင်ငွေရရှိစေရန်
(ဃ)   နေ့စဉ်လိုအပ်သည့် အာဟာရများပြည့်ဝစေပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ဟင်းသီးဟင်းရွက်များကို လက်လှမ်းမီ စိုက်ပျိုးထုတ်လုပ်ရရှိနိုင်စေရန် စသည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အိမ်ခြံဝင်းဥယျာဉ်စိုက်ပျိုးခြင်း (Home Gardening) လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် -
(က)    အိမ်ခြံဝင်း ဟင်းသီးဟင်းရွက် တပိုင်တနိုင် စိုက်ပျိုးနည်းစနစ်များအား ပိုမိုလက်ခံ ကျင့်သုံးလာနိုင်စေခြင်း
( ခ )    အိမ်ခြံဝင်း ဟင်းသီးဟင်းရွက် တပိုင်တနိုင်စိုက်ခင်းမှ အပိုဝင်ငွေရရှိစေခြင်း
( ဂ )    မိမိဒေသစိုက်ခင်းမှ စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေး
 ကောင်း ဟင်းသီးဟင်းရွက်များ ထုတ်လုပ်ပေးနိုင်ခြင်း
(ဃ)    မိသားစုစည်းလုံးညီညွှတ်မှုနှင့် စိတ်ချမ်းမြေ့မှုရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။








(၈.၆.၂၀၂၃) ရက်နေ့
 အိမ်ခြံဝင်းဟင်းသီးဟင်းရွက် တပိုင်တနိုင် စိုက်ပျိုးနည်းစနစ်များအား ပိုမိုလက်ခံ ကျင့်သုံးလာ၍ အပိုဝင်ငွေရရှိစေခြင်း၊ စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်များ ထုတ်လုပ်ပေးနိုင်ခြင်း၊ မိသားစုစည်းလုံး ညီညွှတ်မှုနှင့် စိတ်ချမ်းမြေ့မှုရရှိခြင်း စသည့် အကျိုးကျေးဇူးများရရှိလာနိုင်စေရန် ရည်ရွယ်၍ ကနဦးအစီအစဉ်ဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊(၈)မြို့နယ်ရှိ ကျေးရွာ(၁)ရွာစီကို ရွေးချယ်ကာ အိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်းလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာနိုင်စေရန်အတွက် (၈.၆.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော ဝန်ထမ်းများသည် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာတွင် အိမ်ခြံဥယျာဉ် စိုက်ပျိုးရန် စိတ်ဝင်စားသည့် တောင်သူ(၆၆)ဦးအား အိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ အိမ်ခြံဥယျာဉ်စိုက်ပျိုးမည့် နည်းစနစ်များ၊ ကျေးရွာရှိ တောင်သူများ၏ မြေနေရာအလိုက်ဆောင်ရွက်မည့် နည်းလမ်းများအား ရှင်းလင်းပြောကြားပေး၍ အိမ်ခြံဥယျာဉ် စိုက်ပျိုးမည့် အိမ်ခြံများအား လှည့်လည်ကြည့်ရှု၍ ပညာပေးခြင်းလုပ်ငန်းများအား ဆောင်ရွက် ခဲ့ပါသည်။