အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်ချက်များ ရေးဆွဲပြဌာန်းနိုင်ရေးကြိုးပမ်း
  • Fri, 23 September 2022

အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်ချက်များ ရေးဆွဲပြဌာန်းနိုင်ရေးကြိုးပမ်း


နိုင်ငံတကာ ၌ အစားအစာ ဘေးကင်း လုံခြုံရေး နှင့် အာဟာရပြည့်ဝရေး လုပ်ငန်းများ နှင့်အတူ အော်ဂဲနစ် စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်မှု များ လည်း တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ လျှောက်ထားခြင်း၊ စစ်ဆေးခြင်း၊ ထောက်ခံချက် ပေးခြင်းလုပ်ငန်းများ၊ အော်ဂဲနစ် စနစ်ကျင့်သုံးခြင်းများ တွင် အာဆီယံ ကုန်သွယ်ဘက် နိုင်ငံများ၏ အော်ဂဲနစ် ဆိုင်ရာ လမ်းညွှန်ချက်များ အစီအစဉ်များ နှင့်တပြေးညီဖြစ်စေရေး အတွက် စိုက်ပျိုးရေးဦးစီးဌာန က အော်ဂဲနစ် စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်ချက်များ ရေးဆွဲနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ လမ်းညွှန်ချက်များ ရေးဆွဲနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း နိုင်ရေး၊ အော်ဂဲနစ် စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်ချက်များ ပြင်ဆင်ရေး၊ အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပရေးနှင့် ဌာနဆိုင်ရာနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများမှ သဘောထား မှတ်ချက်များ တောင်းခံ နိုင်ရေး စသည့် လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ(၁၄)ရက်နေ့က နေပြည်တော် ရုံးအမှတ် (၄၃) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား တွင်  စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။




အစည်းအဝေးတွင် အော်ဂဲနစ် ထောက်ခံချက်ပေးရေးလုပ်ငန်းစဉ် တွင် ပါဝင် သည့် အဖွဲ့အသီးသီး၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ပြင်ဆင်ထားရှိရမည့် စည်းမျဉ်းများနှင့် အထောက်အထားမှတ်တမ်းများ၊ အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းခွင်ကို စစ်ဆေးမည့် နည်းလမ်းများ၊ ထောက်ခံချက်ပေးရေး အစီအစဉ်နှင့် ဆိုင်းငံ့ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်း၊ အရေးယူခြင်းစသည့် အော်ဂဲနစ် ထောက်ခံချက် ပေးရန် လိုက်နာရမည့် လမ်းညွှန်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။