နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၈/၂၀၂၂)တွင် နိုင်ငံတော်ဝန်ကြီးချုပ် ၏ လယ်ယာကဏ္ဍဆိုင်ရာ မှာကြားချက်
  • Wed, 28 September 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၈/၂၀၂၂)တွင် နိုင်ငံတော်ဝန်ကြီးချုပ် ၏ လယ်ယာကဏ္ဍဆိုင်ရာ မှာကြားချက်


စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၈/၂၀၂၂)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်အမှာစကား မှ လယ်ယာကဏ္ဍဆိုင်ရာ မှာကြားချက်အား ကောက်နုတ်ဖော်ပြပါသည်။

နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်နေ

နိုင်ငံစီးပွားရေးမြှင့်တင်ရေးအတွက် ယခုနှစ်စိုက်ပျိုးရေးရာသီတွင် နွေစပါးနှင့် ပဲတီစိမ်းများကို ယခင်ကထက်အောင်မြင်စွာ စိုက်ပျိုးနိုင်ရန် အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေးချေးငွေအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ နွေစပါးနှင့် ပဲတီစိမ်းသည် အချိန်ကာလ တစ်ခုအတွင်း အကျိုးအမြတ် ပြန်လည်ရရှိနိုင်သည့် Quick Win ဖြစ်သည့်အတွက် ဦးစားပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုး သည့် တောင်သူများကို ငွေထုတ်ပေးခြင်းထက် စိုက်ပျိုးရန်လိုအပ်သော စိုက်ပျိုးရေး သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ မျိုး စသည်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးမည့်မြေနှင့် လုပ်အားကိုသာ စိုက်ထုတ်ရမည်ဖြစ်ပြီး စိုက်ပျိုးမြေများကို စက်ယန္တရားများ အသုံးပြု မောင်းနှင်နိုင်သည့် ဧကကွက်များအဖြစ် ပြုပြင်ရန်လိုအပ်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း။

ပဲတီစိမ်းသည် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားကောင်းမွန်သည့် ပဲအမျိုးအစား ဖြစ်သဖြင့် တိုးချဲ့စိုက်ပျိုးနိုင်မည်ဆိုပါက အကျိုး အမြတ်များ ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ စပါးစိုက်ပျိုးမှုကိုလည်း စနစ်တကျဖြင့် အထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင်မည်ဆိုပါက အကျိုးအမြတ်များ ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ ရရှိလာသည့် အကျိုးအမြတ်များမှ လာမည့်နှစ်များတွင် စိုက်ဧကများ တိုးမြှင့်၍ ထောက်ပံ့ပေးအပ်နိုင်ရန်နှင့် ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ နွေစပါး၊ မိုးစပါးနှင့် ပဲစိုက်ပျိုးမှုများတွင် ထောက်ပံ့ပေးနိုင်ရေး ရည်မှန်းချက် ထား ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများမှ ရရှိလာသည့် အကျိုးအမြတ်များကို တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပြီး ယခင်နှစ်များက နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်ရန် ကျန်ရှိသည့် စိုက်ပျိုးရေးချေးငွေများကို ပြန်လည်ပေးဆပ်နိုင်မည်ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးရေး လုပ်ငန်းများအတွက် လာမည့်စိုက်ပျိုးရေး ရာသီတွင် ထောက်ပံ့ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။

စီးပွားရေးဖွံ့ဖြိုးမှုအားနည်းသည့် ကယားပြည်နယ်၊ ချင်းပြည်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့အတွက်လည်း မြစိမ်းရောင်စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ငွေများ ထုတ်ပေးထားကြောင်း၊ မြစိမ်းရောင် စီမံကိန်းများသည် လက်တွေ့တွင် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအကျိုး ဖြစ်ထွန်းသည် ကို တွေ့ရှိရကြောင်း၊ အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အတွက်လည်း မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက် နိုင်ရန် အရင်းမပျောက်မတည်ငွေများ ထုတ်ပေးခဲ့ကြောင်း၊ ဒေသအလိုက် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံပိုင် သတင်းစာများမှ ကူးယူဖော်ပြသည်။