စိုက်ပျိုးသည့်သီးနှံ၏ အာဟာရလိုအပ်မှု အပေါ် အခြေခံ၍ သွင်းအားစု မြေဩဇာ အချိုးအစား မှန်ကန်စွာ အသုံးပြုရန် လိုအပ်
  • Sat, 29 October 2022

စိုက်ပျိုးသည့်သီးနှံ၏ အာဟာရလိုအပ်မှု အပေါ် အခြေခံ၍ သွင်းအားစု မြေဩဇာ အချိုးအစား မှန်ကန်စွာ အသုံးပြုရန် လိုအပ်


ပြည်တွင်း အထည်လုပ်ငန်း အတွက် ချည်မျှင် လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် နှင့် ဝါစိုက်တောင်သူ၏ ဝင်ငွေအကျိုးအမြတ် တိုးတက်ရရှိစေရန်၊ အထွက်နှုန်းနှင့် အရည်အသွေးမြင့်မားသည့် ဝါမျိုးကောင်း မျိုးသန့်များ အသုံးပြု စိုက်ပျိုးနိုင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က နည်းပညာနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေး လျက်ရှိရာ အောက်တိုဘာ(၂၉)ရက်‌နေ့က နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာအုပ်စု၊ ‌ဂွေပင်စံပြကျေးရွာ၌ကျင်းပသော ၂၀၂၂-၂၀၂၃ခုနှစ်၊ မိုးနှောင်း ချည်မျှင်ရှည်ဝါ အထူးအထွက်တိုးစံပြကွက် ကွင်းသရုပ်ပြပွဲနှင့် အာဟာရပြည့် ရွက်ဖျန်း အားဆေး ထောက်ပံ့ပေးအပ်ပွဲ သို့ ဒုတိယဝန်ကြီးဒေါက်တာ အောင်ကြီး နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

အခမ်းအနားတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ တိုင်းစိုက်ပျိုးရေး ဦးစီးဌာန တာဝန်ခံက ဒေသ၏ ဝါတိုးချဲ့စိုက်ပျိုးထားရှိမှု နှင့် နည်းပညာပေးဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ Glorious Morning Star Co.,Ltd တာဝန်ခံက ဝါစိုက် တောင်သူများ အား ရွက်ဖျန်းအားဆေးနှင့် လိုအပ်ချက်များပံ့ပိုးနေမှု အခြေအနေများ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် တောင်သူ၊ ပုဂ္ဂလိကနှင့် ဌာနများအကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များ၊ ခေတ်မီနည်းပညာများ လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များ ဆွေးနွေး ပြောကြားပြီး ဝါစိုက်တောင်သူများအတွက် ရွက်ဖျန်းအားဆေးများ ထောက်ပံ့ ပေးအပ်ခဲ့သည်။




ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ်၊ ဆည်ကြီးကျေးရွာ တောင်သူဦးလှစိုး ၏ ဆောင်းနေကြာမျိုးစေ့ထုတ် စံပြကွက်ကိုလည်းကောင်း၊ တောင်သူ ဦးမြင့်သိန်း ၏ မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ခင်းကို လည်းကောင်းကြည့်ရှုအားပေးကြပြီး တောင်သူများ နှင့် ရင်းနှီးခင်မင်စွာတွေ့ဆုံ၍ စိုက်ပျိုးမြေရှိ အပင်အာဟာရဓာတ်ပါဝင်မှု နှင့် စိုက်ပျိုးသည့်သီးနှံ၏ မြေဩဇာ အာဟာရ လိုအပ်မှု အပေါ် အခြေခံ ၍ သွင်းအားစုအချိုးအစားမှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေး၊ အထွက်နှုန်းမြင့်မားရေး ၊ ခေတ်မီ လယ်ယာသုံး စက်ကိရိယာများ အသုံးပြုလုပ်ကိုင်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။