မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ(TSC) ၏ (၂၂)ကြိမ်မြောက်အစည်းအဝေးကျင်းပ
  • Wed, 22 June 2022

မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ(TSC) ၏ (၂၂)ကြိမ်မြောက်အစည်းအဝေးကျင်းပ


လယ်ယာကဏ္ဍ၏ စိုက်ပျိုးထုတ်လုပ်မှုပမာဏ တိုးတက်ရေး နှင့် သီးနှံအရည်အသွေး မြင့်မားရေး အတွက် အဓိကအရေးပါသည့် မျိုးစေ့ကဏ္ဍ အရှိန်အဟုန်ကောင်းစွာဖွံ့ဖြိုးလာစေရန် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ(TSC) က နည်းပညာရပ် ဆိုင်ရာ စမ်းစစ် လေ့လာခြင်း ၊ စိစစ် တွေ့ရှိချက်များအား မှတ်ချက်ပြုတင်ပြခြင်းများဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး က ဥက္ကဌ အဖြစ် တာဝန်ယူ ဆောင်ရွက်သည့် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ (NSC)က တည်ဆဲဥပဒေများနှင့်အညီ ထိန်းကျောင်း စီမံဆောင်ရွက်နိုင်ရန် အထောက်အပံ့ပြုပေး လျက် ရှိကြောင်း သိရသည်။



ဒေသအသီးသီးရှိ စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန အောက်ရှိ ခြံများ စိုက်ကွင်းများမှ ပညာရှင်များဖြင့် ဖွဲ့စည်းတာဝန်ပေးထားသော သီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်း အဖွဲ့များက မျိုးစေ့မှတ်ပုံတင်ခွင့် တင်ပြလာသော သီးနှံမျိုးစေ့များကို စမ်းသပ်စိုက်ပျိုး၍ စနစ်တကျလေ့လာပြီး တွေ့ရှိချက်များအား တင်ပြလာမှုအပေါ် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီ (TSC) အစည်းအဝေး က စိစစ်ဆွေးနွေးပြီး မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ(NSC)သို့ ဆက်လက် ပေးပို့တင်ပြသောလုပ်ငန်းစဉ်များ ပါဝင်ကြောင်း၊ ဇွန်လ(၂၀)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၄၃)အစည်းအဝေးခန်းမတွင် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီ (TSC) ဥက္ကဌများ ဖြစ် ကြသည့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒေါက်တာနိုင်ကြည်ဝင်း တို့ဦးဆောင်ကာ (၂၂)ကြိမ်မြောက် အစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေးတွင် စမ်းသပ်စိုက်ပျိုးပြီး ဆက်လက်ထောက်ခံတင်ပြမည့် သီးနှံ(၈)မျိုး၏ မျိုးကွဲ (၂၀) နှင့် သက်ဆိုင်ရာ အချက်အလက်ဖြင့် တင်ပြရမည့်သီးနှံ (၇)မျိုး မျိုးကွဲ(၁၀)မျိုး နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။