စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအတွက် အပင်ဗီဇ အရင်းအမြစ် ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ် (ITPGRFA) အုပ်ချုပ်ရေးအဖွဲ့ ၏ (၉)ကြိမ်မြောက် အစည်းအဝေးဖွင့်ပွဲ သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
  • Tue, 20 September 2022

စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအတွက် အပင်ဗီဇ အရင်းအမြစ် ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ် (ITPGRFA) အုပ်ချုပ်ရေးအဖွဲ့ ၏ (၉)ကြိမ်မြောက် အစည်းအဝေးဖွင့်ပွဲ သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်


အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့်တောင်သူလယ်သမားရေးရာဝန်ကြီးဌာန Ministry of Agriculture and Farmers’ Welfare ဝန်ကြီး Mr. Narendra Singh Tomar ၏ ဖိတ်ကြားချက်အရ စက်တင်ဘာလ(၁၉)ရက်နေ့တွင် နယူးဒေလီမြို့၌ ကျင်းပပြုလုပ်သည့် စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအတွက် အပင်ဗီဇအရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်(ITPGRFA) အုပ်ချုပ်ရေးအဖွဲ့ ၏ (၉)ကြိမ်မြောက် အစည်းအဝေးဖွင့်ပွဲ သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ တို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအတွက် အပင်ဗီဇအရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (ITPGRFA) အုပ်ချုပ်ရေးအဖွဲ့ ၏ (၉)ကြိမ်မြောက် အစည်းအဝေး တွင် (ITPGRFA) အဖွဲ့ဥက္ကဌ Ms. Yasmina El-Bahloul ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ (ITPGRFA) အတွင်းရေးမှူး  Mr. Kent Nnadozie တို့က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြား ကြသည်။

ဆက်လက်၍ အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့်တောင်သူလယ်သမားရေးရာဝန်ကြီးဌာန Ministry of Agriculture and Farmers’ Welfare ဝန်ကြီး Mr. Narendra Singh Tomar က အဖွင့် အမှာစကား ပြောကြားပြီး ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ညွှန်ကြားရေးမှူးချုပ် Dr. QU Dongyu ၏ အမှာစကား ဗီဒီယိုကို ကြည့်ရှုကြသည်။


စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအတွက် အပင်ဗီဇအရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်(ITPGRFA)အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကို (၂)နှစ်တစ်ကြိမ် ကျင်းပခြင်း ဖြစ်ကာ ယခု ကျင်းပသည့် (၉)အကြိမ်မြောက် အစည်းအဝေးကို ဇီဝမျိုးကွဲ ထိန်းသိမ်းသူများ အား ဂုဏ်ပြုခြင်း နှင့် ၂၀၂၀ပြည့်နှစ်လွန် ကာလတွင် အားလုံးပါဝင်သော ကမ္ဘာလုံးဆိုင်ရာ ဇီဝ မျိုးကွဲများ ဖြစ်ပေါ်လာစေရန် မူဘောင် သတ်မှတ်ချက်(Celebrating the Guardians of Crop Diversity: Towards an Inclusive. Post-2020 Global Biodiversity Framework ) ဖြင့် အိန္ဒိယနိုင်ငံ က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပခြင်းဖြစ်ပြီး အဖွဲ့ဝင် (၁၄၉) နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။




(ITPGRFA) အုပ်ချုပ်ရေးအဖွဲ့ ၏ (၉)ကြိမ်မြောက် အစည်းအဝေးဖွင့်ပွဲ အခမ်းအနား အပြီးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြခန်းများတွင်ခင်းကျင်းပြသထားသော အိန္ဒိယနိုင်ငံ၏ ဒေသမျိုးရင်းဝင် လူး၊ ဆပ်၊ နှံစားပြောင်းမျိုးများ၊ သုတေသနပြုရရှိသော နှံစားပြောင်းမျိုးများ၊ အဆိုပါနှံစားသီးနှံများကို အခြေခံထုတ်လုပ်ထားသည့် ခေါက်ဆွဲများ တန်ဖိုးမြင့်စားသောက်ကုန် လုပ်ငန်းများ၊ အိန္ဒိယနိုင်ငံ၏ ဒေသမျိုးရင်း သစ်သီးဝလံသုတေသနလုပ်ငန်းများကို လှည့်လည် ကြည့်ရှုကြပြီး ပြခန်းတာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား သုတေသန ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြကြောင်း၊ လူး၊ ဆပ်၊ နှံစားပြောင်း သီးနှံများသည် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိပြီး မိုးနည်းရေရှား ဒေသများတွင် စိုက်ပျိုး ဖြစ်ထွန်းနိုင်ပြီး လူသားများ၏ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေသည့် သီးနှံများဖြစ်သဖြင့် “၂၀၂၃ခုနှစ်အား နိုင်ငံတကာ လူး၊ ဆပ် သီးနှံနှစ်” (International Year of Millet) အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင် နှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တို့နှင့်အတူ အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့်တောင်သူလယ်သမားရေးရာဝန်ကြီးဌာန Ministry of Agriculture and Farmers’ Welfare ဝန်ကြီး Mr. Narendra Singh Tomar ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ၏ နည်းပညာ နှင့် သုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းများ တွင် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ ဆောင်ရွက်မည့် ပဲမျိုးစုံ၊ နေကြာ နှင့် ဆီထွက်သီးနှံများ၏ မျိုးစေ့ထုတ်လုပ်ငန်းတွင် အိန္ဒိယနိုင်ငံ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ အစည်းများ ရင်းနှီးမြုပ်နှံ လိုသူများပါဝင်ဆောင်ရွက်နိုင်ရေး ၊ သီးနှံထုတ်လုပ်ရောင်းဝယ်ရေး ဆိုင်ရာများ၊ တွင် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။



အလားတူ ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် အိန္ဒိယနိုင်ငံ၏ နိုင်ငံတော်ပိုင် မျိုးစေ့ ကော်ပိုရေးရှင်း National Seed Corporation (NSC) မှ Mr. ASHWANI KUMAR ဦးဆောင်သည့်အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ အိန္ဒိယနိုင်ငံ စိုက်ပျိုးရေး နှင့် တောင်သူလယ်သမားရေးရာဝန်ကြီးဌာန အောက်တွင် မျိုးစေ့ ထုတ်လုပ် ဖြန့်ဖြူးမှု လုပ်ငန်းများ ကို နိုင်ငံပိုင် စီးပွားရေး ကော်ပိုရေးရှင်းပုံစံဖြင့် ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ပဲမျိုးစုံ၊ နေကြာ နှင့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် လိုအပ်လာသည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် နှစ်နိုင်ငံအကြား သုတေသန နှင့် မျိုးစေ့ထုတ် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြ သည်။



ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအတွက် အပင်ဗီဇ အရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်(ITPGRFA) အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး တက်ရောက် လာကြသူများ နှင့်အတူ အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့်တောင်သူလယ်သမားရေးရာဝန်ကြီးဌာန Ministry of Agriculture and Farmers’ Welfare ဝန်ကြီး Mr. Narendra Singh Tomar က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲ နှင့် ယဉ်ကျေးမှုပဒေသာကပွဲသို့တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။