ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့ ၏ (၃၇) ကြိမ်မြောက် အစည်းအဝေးကျင်းပ
  • Tue, 30 August 2022

ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့ ၏ (၃၇) ကြိမ်မြောက် အစည်းအဝေးကျင်းပ


ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ၏ (၃၇)ကြိမ်မြောက် အစည်းအဝေး ကို ဩဂုတ်လ (၂၉)ရက်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေး သို့ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ ဥက္ကဌ ဒုတိယဝန်ကြီး က အဖွင့် အမှာ စကား ပြောကြားရာ၌ ပြည်ပပို့ကုန်သီးနှံများ အထွက်နှုန်း တိုးတက်ရေး အတွက် အထောက်အကူပြုသော သွင်းအားစု တစ်ခု ဖြစ်သည့် ပိုးသတ်ဆေးများ သုံးစွဲရာတွင် အရည် အသွေး ပြည့်မီပြီး အန္တရာယ် ကင်းသော ပိုးသတ်ဆေးများကို ထိရောက်စွာ အသုံးပြုနိုင်ရန် နှင့် ပို့ကုန်များတွင် ပိုးသတ်ဆေး ဓါတ်ကြွင်းများ ပါဝင်မှုမရှိစေရေးကို ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ အနေဖြင့် အထူးကြပ်မတ်လျက်ရှိကြောင်း၊ အစားအစာဘေးကင်းလုံခြုံရေး၊ ကုန်သွယ်မှု အခွင့်အလမ်းများ ထိခိုက်မှုမရှိစေရေး တို့အတွက် ပိုးသတ်ဆေးအမျိုးအစား တစ်မျိုးချင်းစီ အပေါ်တွင် ရှုထောင့်မျိုးစုံ မှ ပြန်လည် သုံးသပ်ပြီး ပိုးသတ်ဆေး ဓါတ်ကြွင်းများ ကင်းစင်ရေး အလေးထား ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။


ထို့နောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ၏ (၃၇) ကြိမ်မြောက် အစည်းအဝေးတွင် စိစစ်ဆွေးနွေးရမည့် လုပ်ငန်းများကို တင်ပြရာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ က အကြောင်း အရာ တစ်ခုချင်း အပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ပိုးသတ်ဆေးဥပဒေပုဒ်မ(၁၂)အရ နည်းပညာ ကော်မတီဝင်များသည် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏လုပ်ငန်းများကို အထောက်အကူ ပြုနိုင်ရန် လိုအပ်သည့် သတင်းအချက် အလက်များ ကို ပြုစုတင်ပြခြင်း၊ စိစစ်သုံးသပ်အကြံပြုချက်ခြင်းများ ကို ဆောင်ရွက်ပြီး ပိုးသတ်ဆေး ဥပဒေ အခန်း(၃) အရ ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့ က ပိုးသတ်ဆေး မှတ်ပုံတင် လျှောက်ထားတင်ပြလာခြင်းများအား မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရန် ဆုံးဖြတ် အတည်ပြုပေးခြင်း၊ အဆိပ်ရှိပစ္စည်းနှင့် စပ်လျဉ်း၍ တင်ပြရန် လိုအပ်သော အထောက် အထား အချက်အလက်များကို သတ်မှတ်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ အကြံပြုချက်များ အပေါ် အခြေပြု ၍ လူ နှင့် ပတ်ဝန်းကျင်ကို အန္တာရာယ် မြင့်မားစေသော ပိုးသတ်ဆေးများကို သုံးစွဲရန် ပိတ်ပင်တားဆီးခြင်း၊ ပိုးသတ်ဆေးများကို စနစ်တကျ ကိုင်တွယ် သုံးစွဲ စွန့်ပစ်ခြင်း ဆိုင်ရာများ နှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင် ကို အန္တရာယ် မရှိ စေရန် လိုအပ်သည့် အမိန့်၊ သတ်မှတ်ချက်များ ၊ ညွှန်ကြားချက်များ ကို အခါအားလျော်စွာ ထုတ်ပြန်လျက်ရှိသည်။

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အစည်းအဝေးများကို ၁၉၉၃ ခုနှစ် မှ စတင်၍ ၂၀၂၂ ခုနှစ်၊ မေလ(၁၁)ရက်နေ့ အထိ (၃၆)ကြိမ် ကျင်းပခဲ့ရာ (၃၆) ကြိမ်မြောက် အစည်းအဝေးပြီးဆုံးသည့်ကာလအထိ ပိုးသတ်ဆေးစုစုပေါင်း(၃၉၈၇)မျိုးကို မှတ်ပုံတင် ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ ယခုကျင်းပသည့် (၃၇) ကြိမ်မြောက် အစည်းအဝေးတွင် ပိုးသတ်ဆေး နည်းပညာ ကော်မတီဝင်များမှ စိစစ်ပြီးတင်ပြလာသော ပိုးသတ်ဆေး အမျိုးပေါင်း(၈၆)မျိုးအား အတည်ပြုပေးနိုင်ရေး စိစစ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။